စိတ်ကျန်းမာရေး စိတ်ကျရောဂါ မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်မှုနှင့် ရာဇဝတ်မှုပြဿနာ

စိတ်ကျန်းမာရေး စိတ်ကျရောဂါ မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်မှုနှင့် ရာဇဝတ်မှုပြဿနာ

စိတ်ကျန်းမာရေး စိတ်ကျရောဂါ မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်မှုနှင့် ရာဇဝတ်မှုပြဿနာ

စိတ်ကျန်းမာရေးဆိုသည်မှာ စိတ်ရောဂါ လက္ခဏာများ ရှိသည်သာမက မိမိကိုယ်ကို မိမိကိုယ်တိုင် သုံးသပ်ရာတွင် အထင်မသေးသကဲ့သို့ အထင်လည်း မကြီးခြင်း၊ ပကထိအခြေအနေကို နှလုံးသွင်းလက်ခံနိုင် ခြင်း စသည့်ကို ဆိုလိုပေသည်။ မိမိ၏ မှားကွက်၊ ဟာကွက်များကိုလည်း လက်ခံနိုင်စွမ်းရှိပေသည်။ နေ့စဉ် ကြုံတွေ့နေရသော ကိစ္စအဝဝကို လုံလောက်သော ဝိရိယစေတနာနှင့် အေးဆေးစွာရင်ဆိုင်နိုင်စွမ်းရှိပေသည်။ ယေဘုယျအားဖြင့် သူတစ်ပါးအပေါ်တွင် ယုံကြည်နိုင်ခြင်း၊ မေတ္တာထားနိုင်ခြင်းနှင့် လိုက်လျောညီထွေဆက်ဆံနိုင်ပေသည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိ၍ ပေးအပ်သော တာဝန်များကို လက်ခံဆောင်ရွက်နိုင်စွမ်းရှိပေသည်။ ဤသည်မှာ စိတ်ကျန်းမာရေး၏ လက္ခဏာများပင် ဖြစ်သည်။

စိတ်ရောဂါအမျိုးမျိုးရှိကြရာတွင် စိတ်ကြွရောဂါ၊ စိတ်ကျရောဂါနှင့် စိတ်ကစဉ့်ကလျားရောဂါတို့သည်လည်းအပါအဝင် ဖြစ်ကြပေသည်။ ဤနေရာတွင် စိတ်ကျရောဂါအကြောင်းကို အနည်းငယ်ဆွေးနွေး ဖော်ပြလိုပေသည်။

စိတ်ကျရောဂါ၏ လက္ခဏာများတွင် စိတ်အားငယ်ပြီး တစ်ချိန်လုံး ငိုနေခြင်း၊ အစာမစားခြင်းတို့ကို တွေ့ရတတ်သည်။ အိမ်တွင်းမှ အိမ်ပြင်သို့မထွက်တော့ပေ။ ရက်ပေါင်းများစွာ အစာမစားခြင်းကြောင့် အာဟာရပြတ်ကာ သေဆုံးသွားနိုင်ပေသည်။ စိတ်ဓာတ်အလွန် ကျဆင်းသည့်အခါတွင် ကလေးများကို အလျင်သတ်ပြီး နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်သွားတတ်သည်။

စိတ်ဓာတ်ကျဆင်းသည်ဟူသည်မှာ ကောင်းသောလက္ခဏာမဟုတ်ပေ။ စိတ်ဓာတ်အလွန်ကျလာသည့်အခါ မိမိကိုယ်ကို သတ်သေဖို့စဉ်းစားလာကြသည်။ စိတ်ကျန်းမာရေးကို ထိခိုက်စေသော စကားဖြစ်၍ မပြောဆိုသင့်ကြပေ။

လောကဓံတရားနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် ပျော့ညံ့ရာ အညံ့ခံရာကျသော စကား လည်းဖြစ်သည်။ မိန်းမများသည် မိမိကိုယ်ကို သတ်သေမည်ဟု တွေးတောပြီး “ကလေးတွေကို ဘယ်သူ ကြည့်မှာလဲ”ဟု အတွေးဝင်လာသည်။ ထို့ကြောင့် အနောက်တိုင်းများတွင် ကလေးများကို ဦးစွာသတ်ပြီး မိမိကိုယ်ကို သတ်သေသော သတင်းမျိုးကို ကြားရတတ်သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်တွင် မိသားစုအားလုံး အဆိပ်သောက်ပြီး သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့ရာ ကံကောင်းသဖြင့် ကလေးနှစ် ယောက်မှာ အဆိပ်များအန်ထွက်ပြီး “သေကံမရောက် သက်မပျောက်”ဖြစ်ခဲ့ရသည်။
မိမိကိုယ်ကို မိမိကိုယ်တိုင် သတ်သေမှုများတွင် အရက်ကြောင်သူများလည်း ပါဝင်တတ်သည်။ အရက်ကြောင်နေသူများသည် အရက်ကြောင့်စိတ်ကျရောဂါရ တတ်သည်။ အရက်ကြောင့် စိတ်ကျရောဂါရပြီး မိမိကိုယ်ကို ကြိုးဆွဲချပြီး သတ်သေလေ့ရှိကြသည်။

မိမိကိုယ်ကို သတ်သေကြရာတွင် အကြောင်း အမျိုးမျိုးကြောင့် မအောင်မြင်သူများကိုလည်း ကြုံတွေ့ရတတ်သည်။
မိဘများ၊ သားသမီးများ၊ ဆွေမျိုးများက သနား ကရုဏာဖြစ်ကြသည်။ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတို့ ဖြင့် ကူညီတတ်ကြသည်။ ယင်းကဲ့သို့ မိမိကိုယ်ကိုသတ် ရန် အားထုတ်သူများကို ရာဇဝတ်ကြောင်းဖြင့် အရေး ယူသည်ဟု ကြားသိရသောအခါ စိတ်မကောင်းဖြစ်လေ့ ရှိကြသည်။

မိမိကိုယ်ကို မိမိသတ်သေရန် အားထုတ်မှုသည် ရာဇဝတ်မှုဖြစ်သည်။ ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး) ၏ ပုဒ်မ ၃၀၉ အရ အမှုဖွင့်ရ၍ ရဲအရေးပိုင်သော အမှုဖြစ်သည်။ ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိ၍ အာမခံပေးရမည့်အမှုဖြစ်သည်။ ပြစ်ဒဏ်မှာ ၁ နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ ချမှတ်ခွင့်ရှိပေသည်။ ဒဏ်ငွေသက်သက်ဖြင့် ပြစ်ဒဏ်ပေးနိုင်သော အမှုဖြစ်၍ ကြီးလေးသောပြစ်ဒဏ် မဟုတ်ပေ။ ဤအမှုမျိုးကို ကျေအေးခွင့်မရှိပေ။
ဥပဒေကြောင်းအရ အရေးယူသည်ဟု ကြားရသောအခါ ပြည်သူလူထုက အံ့ဩကြ၊ စိတ်မကောင်းဖြစ်ကြသည်။ အထူးသဖြင့် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများက ပို၍စိတ်မကောင်းဖြစ်တတ်ကြသည်။

ဥပဒေရည်ရွက်ချက်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများသည် နိုင်ငံ၏ အင်အားပင်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်သည်။ ယင်းလူများ၏ အသက်နှင့်ပစ္စည်းဥစ္စာကို ကာကွယ်ရန် နိုင်ငံတွင် တာဝန်ရှိသည်။ ယင်းတာဝန်အရ လူတစ်ဦးက အခြားတစ်ဦးအား သတ်ဖြတ်ခြင်းမှ အကာအကွယ်ပေးရန် နိုင်ငံတွင် တာဝန်ရှိသကဲ့သို့ လူတစ်ဦးသည် မိမိကိုယ်ကို သတ်သေခြင်းမှ တားဆီးရန်လည်း နိုင်ငံတွင် တာဝန်ရှိပေသည်။

လူတစ်ဦးက အခြားလူတစ်ဦးကို သတ်ဖြတ်ခြင်းမှ ကာကွယ်ရန် ပုဒ်မ ၃၀၂၊ ၃၀၄ တို့ကို ပြဋ္ဌာန်းထားသကဲ့သို့ မိမိကိုယ်ကိုမိမိ သတ်သေမှုမှ ကာကွယ်ရန် ပုဒ်မ ၃၀၉ ကို ပြဋ္ဌာန်းထားခြင်း ဖြစ်ပေသည်။
မိမိကိုယ်ကို သတ်သေမှု အောင်မြင်သွားလျှင်ကား ပြစ်ဒဏ်ပေးရန် မဖြစ်နိုင်တော့ပေ။ ပြစ်မှုကျူးလွန်မှု အောင်မြင်သွားလျှင် ပြစ်မှုမမြောက်ဘဲ ပြစ်မှုကျူးလွန်ရန် အားထုတ်မှုသည်သာ ရာဇဝတ်မှု မြောက်သော ကျူးလွန်မှုဖြစ်ပေသည်။

ဤနေရာတွင် သတိပြုရန်တစ်ခုရှိပေသည်။ ဤ ပြစ်မှုမျိုးတွင် ပြစ်မှုကျူးလွန်ရန် ပြင်ဆင်မှုသည် အပြစ်မရှိဘဲ အားထုတ်မှုအဆင့်ရောက်မှသာ အပြစ်ရှိပေသည်။ ဥပမာ လူတစ်ဦးက ရေတွင်းထဲသို့ ခုန်ချရန် ရေတွင်းရှိရာသို့ ပြေးသွားစဉ် ရေတွင်းသို့မရောက်သေးမီ ဘေးလူများက ဆွဲထားလိုက်သည့်ကိစ္စမျိုးရှိနိုင်သည်။ ယင်းကိစ္စမျိုးတွင် ထိုသူသည် ရေတွင်းသို့ရောက်သွားသောအခါ စိတ်ပြောင်းနိုင်သေးသည်။ ထို့ကြောင့် ပြင်ဆင်မှုအဆင့်သာ ရှိသေးသည်။ အားထုတ်မှုမမြောက်ချေ။ အပြစ်မရှိချေ။ ထိုနည်းတူပင် အဆိပ်သောက်ပြီး သေရန် အကြံဖြင့် အဆိပ်ကိုဝယ်ယူ၍ ဆောင်ထားခြင်းသည် ပြင်ဆင်မှုအဆင့်သာရောက်၍ အားထုတ်မှုအဆင့်သို့ မရောက်ချေ။ ထို့ကြောင့် ပြစ်မှုမမြောက်ပေ။

တရားခံတစ်ဦးအား ဤပုဒ်မအရ ပြစ်ဒဏ်စီရင်သောအခါ ၄င်း၏အသက်၊ စိတ်အခြေအနေ၊ သတ်သေရန်အားထုတ်ခြင်း၏ အကြောင်းရင်းတို့ကို စဉ်းစားရ လေသည်။ တရားခံသည် ဆင်းရဲ၍လော၊ ရောဂါကြောင့်လော၊ ချစ်သူနှင့် ကွေကွင်း၍လော၊ လူအများ၏ ဝိုင်းဝန်းကဲ့ရဲ့မှု အကြဉ်ခံရမှု၊ မနာလိုဝန်တိုစိတ်တို့၏ ဒဏ်ကို ခံရမှုတို့ကြောင့်လော ဟူသည့် အချက်များကို အမိန့်ချရာတွင် ထည့်သွင်းစဉ်းစားရပေသည်။ တရား သူကြီးများ၏ ဆင်ခြင်တုံတရားဟူသည်မှာ ဤနေရာတွင် အရေးပါလှပေသည်။
ဤသို့သော အမှုမျိုးတွင် တရားသူကြီးများသည် ဖော်ပြပါဆင်ခြင်တုံတရားများကို ထည့်သွင်းစဉ်းစားပြီး လျှော်ကန်သင့်မြတ်သည့် ပြစ်ဒဏ်များကို သတ်မှတ် လေ့ရှိကြကြောင်း ရေးသားတင်ပြအပ်ပေသည်။

#မောင်ဉာဏ်စိန်
#မှုခင်းသတင်းဂျာနယ်

ရည်ညွှန်းစာများ
၁။ ပါမောက္ခဌာနမှူး ဒေါက်တာ ခင်မောင်ကြီး (ငြိမ်း)၏ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ။
၂။ ပြစ်မှုဆိုင်ရာဥပဒေ၏ သိကောင်းစရာများ (ဦးသက်ဖေ အငြိမ်းစား တရားရုံးချုပ် တရားသူကြီး)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့