ဆိုင်ကယ်ဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ လူသတ်မှုဖြစ်ပွား

ဩဂုတ်လ ၁၄ ရက်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၌ ဆိုင်ကယ်မှ ဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာ မှ လူသတ်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

၄င်းဖြစ်စဉ်မှာ ထိုနေ့တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စုနေ ထွန်းလေးသည် ကုလား(ခ)ထွန်းလင်းအောင် အား ၄င်း၏ဆိုင်ကယ်မှ ဆီများခိုးသည်ဟု စွပ်စွဲဆိုပြောဆိုရာမှ ထွန်းလင်းနှင့် ကုလား(ခ)ထွန်းလင်းအောင်တို့ စကားများရန်ဖြစ်ခဲ့ကြ၏။

ထို့နောက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ဂမုန်းသစ်တောကြိုးဝိုင်း အုန်းတောတဲစုအလွန် တောလမ်းပေါ်တွင် ကုလား(ခ)ထွန်းလင်းအောင်၏ အစ်ကိုအရင်းများဖြစ်သည့် မင်းနိုင်၊ ကိုမင်းတို့နှစ်ဦးနှင့် ထွန်းလေးတွင် အဆိုပါကိစ္စဖြင့် ထပ်မံ စကားများရန်ဖြစ်ကြရာ ခဏအကြာ ထွန်းလေးတွင် ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေရှိရသဖြင့် ထိုနေ့ ည ၁၁ နာရီတွင် ရဲစခန်းသို့ တိုင်တန်းလာ၏။

ဖြစ်စဉ်နှင့်ပတ်သက်၍ အုတ်ဖိုမြို့ နယ်၊ အေးမြသာယာနယ်မြေရဲစခန်းက (ပ)၂၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်မြင့်သူအဖွဲ့နှင့် အေးမြသာယာနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မင်းအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်သို့ သွားရောက်၍ ပိတ်ဆို့ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြ၏။

လူသတ်မှုကျူးလွန်သော အုတ်ဖိုမြို့နယ်၊ ဗိုလ်ရုံစုရွာနေ မင်းနိုင်(၃၅)နှစ်၊ ကိုမင်း(ခ)ငမင်း(၃၇)နှစ်တို့မှာ ဂမုန်းသစ် တောကြိုးဝိုင်းအတွင်း ပြေးပေါက်မရှိ တစ်ညလုံးပိတ်မိနေခဲ့ရာ ဩဂုတ် ၁၅ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် ၄င်းတို့အား သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၄င်းတို့နှစ်ဦး၏ အစစ်ခံချက်အရ သေဆုံးသူနှင့် ၄င်းတို့နှစ်ဦးစကားများရန်ဖြစ်ရာမှ ထွန်းလေးကိုင်ဆောင်သည့် ဓားကို မင်းနိုင်က လုယူပြီးထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထွက်ဆိုသည်။ သို့ဖြစ်၍ ခိုက်ရန်ဖြစ်ပွားပြီး ဓားဖြင့်ထိုးသတ်ခဲ့သူ မင်းနိုင်နှင့် ကိုမင်း(ခ)ငမင်း တို့အား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဖုန်းသတင်းအရ သိရသည်။

သတင်းစတား

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့