တီဗွီသံအကျယ်ကြီးဖွင့်သည်ဟုဆိုကာ အခန်းချင်းကပ်နေထိုင်သူနှင့် စကားများရာမှ ဓားခုတ်မှုဖြစ်ပွား

လားရှိုးမြို့၊ နယ်မြေ(၆)၊ ရပ်ကွက်ကြီး(၆)၊ နဂါးတွင်းလမ်းရှိ နေအိမ်တစ်လုံးတွင် အတူနေမိသားစုမှ တီဗွီအသံအကျယ်ကြီး ဖွင့်သည်ဟုဆိုရာ အခန်းချင်းကပ်နေထိုင်သူနှင့်စကားများရာမှ ဓားရှည်နှင့်ခုတ်သဖြင့် အမျိုးသမီးတစ်ဦး၏လည်ပင်းတွင် ဒဏ်ရာရရှိ သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၁၄-၇-၂၀၁၉ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် လားရှိုးမြို့၊ နယ်မြေ(၆)၊ ရပ်ကွက်ကြီး(၆)၊ နဂါးတွင်း လမ်းနေအိမ်၌ ဦးထွန်းထွန်းအောင်(၄၅)နှစ်၊ ပန်းရန်လုပ်၏ဇနီး ဒေါ်လှလှနှင်းမှ တီဗွီဖွင့်၍ ကြည့်နေစဉ် အခန်းချင်းကပ်နေ ထိုင်သူ ဦးခင်စိုး(၆၂)နှစ်၊ ယာဉ်မောင်း နဂါးတွင်းလမ်း၊ နယ်မြေ(၆)၊ ရပ်ကွက် ကြီး(၆) လားရှိုးမြို့နေသူမှ တီဗွီအသံ ကျယ်သည်ဟုဆိုကာ ဆဲရေးတိုင်းထွာသဖြင့် ဦးထွန်းထွန်းအောင်၏ဇနီး ဒေါ်လှလှနှင်းမှ အခန်းပြင်သို့ ထွက်ကာ ရှင်းပြသည်ကို လက်မခံဘဲ ဦးခင်စိုးမှ ၎င်း၏လက်တွင် ကိုင်ဆောင်ထားသော ၂၇ လက်မခန့်ရှိ ဓားရှည်ဖြင့် ခုတ်ခဲ့ရာ ဒေါ်လှလှနှင်း၏ လည်ပင်းဝဲဘက်တွင် ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထွန်းထွန်းအောင်က ၎င်း၏ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်ခဲ့သူ ခင်စိုးအား ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ (ပ)၂၆၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၄ ဖြင့် အမှုဖွင့်ပြီး အမှုမှ ပြစ်မှုကျူးလွန်သူအား အမှုဖြင့်ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#ငမြတ်စံ-၂၁
#မှုခင်းသတင်းဂျာနယ်

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့