Crime Logo

Crime Logo

ထီဆယ်သိန်းဆုပေါက်သည်ဆိုပြီး ကျောင်းထိုင်ဘုန်းကြီးကို လိမ်လည်ကာ ဆရာတော်ထံမှ ဘဏ်စာအုပ်နှင့် ငွေသိန်း ၂၀ ကျော် ခိုးယူထွက်ပြေးစဉ် ဖမ်းမိ

ဇူလိုင် ၈ ရက်က ဧရာဝတီတိုင်းဒေ သကြီး၊ ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံ ရန်ကုန်မြို့မှ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးပါဝင်သော အဖွဲ့က လာရောက်၍ ထီကျပ် ၁၀ သိန်းဆုပေါက်သည်ဟု လိမ်လည်ကာ ဆရာတော်ထံမှ ဘဏ်စာအုပ်သုံးအုပ်နှင့် ငွေကျပ်သိန်း ၂၀ ကျော် ခိုးယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဇမ္ဗူရာဇ်ရွှေစင်လမ်းနေ ဒေါ်စန်းစန်းငြိမ်း (၄၆)နှစ်၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ ဓမ္မာရုံလမ်းနေ မဆွေဆွေထိုက်(၃၆)နှစ်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက် ကန်ဦးလမ်းနေ မညိုညို(၂၃)နှစ်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မာဃလမ်းနေ ယာဉ်မောင်း ဇော်ဇော်ဝင်းတို့လေးဦးသည် ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဝါသဝထံသို့ ဇလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း၊ ထီကျပ် ၁၀ သိန်းဆုပေါက်သည်ဟုဆိုကာ ဆရာတော်အလစ်တွင် သီးသန့် အခန်းထဲမှ ဆရာတော်၏ ဘွဲ့အမည်ပါ KBZ ဘဏ် ငွေစုစာအုပ်တစ်အုပ်၊ မြန်မာ့စီးပွားရေးဘဏ် ငွေစုစာအုပ် တစ်အုပ်၊ CB ဘဏ် အချိန်ပိုင်းအပ်ငွေ စာရွက်၊ ဦးဝါသဝ အမည်ပါ နိုင်ငံကူးလက်မှတ်တစ်အုပ်၊ ၁၄/ဖပန(သ)ဝဝဝ၃၆၈ ဦးဝါသဝဘွဲ့တော်ပါ သာသနာစိစစ်ရေး ကတ်တစ်နှင့် ငွေကျပ်သိန်း ၂၀ ကို ခိုးယူ ထွက်ပြေးသွားကြောင်း၊ ထိုသို့ထွက်ပြေးရာ ဆရာတော် ဦးဝါသဝက ကျောင်းပေါ်မှ ဆင်းလာပြီး ထိုသူများအား ဖမ်းပေးရန်ပြောစဉ် ကျောင်းတွင်းပန်းရန်လုပ်သူများနှင့် သလိပ်ကြီးကျေးရွာမှ ဒါယကာ၊ ဒါယိကာမ များက ဝိုင်းဝန်းဖမ်းဆီးကြရာ ခိုးသူအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့မှာ ကားဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖျာပုံမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားလိုက်၏။

ဖျာပုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်ဟိန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သလိပ်ကြီးအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းနှင့် ဆရာတော်၏ တပည့်များက မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးရာ ကျိုက်လတ်မြို့နယ်၊ ဘုံလုံချောင်းတံတားအနီးတွင် ဖမ်းဆီးရမိခဲ့၏။

ဖြစ်စဉ်နှင့်ပတ်သက်၍ သလိပ်ကြီး ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့အတွင်း ရေးမှူးဦးမြင့်စိန်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဒေါ်စန်းစန်းငြိမ်းပါ လေးဦးအား ဖျာပုံမြို့မရဲစခန်းမှ (ပ)၈၄၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စံစံ

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့