လုပ်ပိုင်ခွင့်ချထားပေးခြင်းမရှိသေးသည့် မြေလွတ် မြေလပ် စီမံခန့်ခွဲရေးနှင့် စာချွန်တော်အမိန့်

အမှုအဖြစ်အပျက်

အချင်းဖြစ်မြေသည် သိန်းနီမြို့နယ်၊ နားဆော့ကျေးရွာအုပ်စု၊ နွားထွမ်ရွာအနောက်ဘက်ကွင်းပြင်ပ ဧရိယာ ၁ .၅၀ ဧကရှိမြေဖြစ်သည်။ ယင်းမြေကို လျှောက်ထားသူ ဦးပန်းရင်လှနှင့် ဒေါ်ရွှေရင်တို့လင် မယားက ဓားမဦးချလုပ်ကိုင်ခဲ့ပြီး ဒေါ်ရွှေရင်က ၄င်း၏ အစ်မဒေါ်နန်းပန်အား ထင်းခုတ်သုံးစွဲခွင့်ပြုရာ ဒေါ်နန်းပန်က မိုင်းလီကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာမှ ဦးအိုက်ဆမ်သို့ ၂၄-၃-၂၀၁၃ ရက်တွင် ငွေကျပ် ၃ သိန်းခွဲဖြင့် ရောင်းချခဲ့သဖြင့် အငြင်းပွားမှုဖြစ်ပွားသောကြောင့် ၃-၆-၂၀၁၄ ရက်တွင် နှစ်ဖက်လူကြီးများရှေ့ ညှိနှိုင်းမှုပြုရာတွင် ရောင်းချသည့်တန်ဖိုးနှစ်ဆပြန်ပေး၍ ခြံမြေပြန်ယူရန် သဘောတူခဲ့သည်။ သို့ရာတွင် ဦးအိုက်ဆမ်က ငွေလက်မခံဘဲ ခြံမြေပြန်ရလိုကြောင်း တင်ပြသဖြင့် မြို့နယ်မြေစာရင်းဦးစီးမှူးက သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ အဆုံးအဖြတ်ခံယူသင့်ကြောင်း အကြံပြုခဲ့သည့်အပြင် သိန်းနီမြို့နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့တို့က ၂၇-၈-၂၀၁၄၊ ၉-၁၀-၂၀၁၄၊ ၁၂-၁၂ -၂၀၁၄၊ ၁၆-၂-၂၀၁၅ ရက်စွဲပါ စာများဖြင့် နားဆော့ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ မူလမြေယာမှုခင်းဖွင့်လှစ်၍ လယ်ယာမြေဥပဒေနှင့်အညီ အမြန်ပြီး စီးရန်ညွှန်ကြားခဲ့သည်။ နားဆော့ ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့က မူလမြေယာမှုခင်းဖွင့်လှစ်ပြီး ၁၆-၂-၂၀၁၅ ရက်နေ့တွင် ဦးအိုက်ဆမ်အား ငွေ ၇ သိန်း ပြန်ပေးရန်နှင့်ယင်းမြေကို မူလပိုင်ရှင်ဦးပန်းရင်လှ၊ ဒေါ်ရွှေရင်အား လုပ်ပိုင်ခွင့််ချထားပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

နားဆော့ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဦးအိုက်ဆမ်က အယူခံလွှာတင်သွင်းခဲ့ခြင်းမရှိသော်လည်း ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တရားမျှတစွာ စီစဉ်ဆောင်ရွက်ပေးရန် ၂၂-၂-၂၀၁၅ ရက်စွဲပါစာဖြင့် တင်ပြခဲ့ကြောင်း တွေ့ရှိရပါတယ်။

သိန်းနီမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကစိစစ်ရာ ယင်းမြေကို သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးခြင်းမရှိသေးဘဲ မူလမြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိသဖြင့် မြို့နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တို့၏ ၂၇-၅-၂၀၁၆ ရက်တွင် ကျင်းပသော အစည်းအဝေးတွင် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ ပိုင်ဆိုင်မှုအ ထောက်အထားမရှိသည့်မြေကို ဝယ်ယူခဲ့ခြင်းဖြစ်သည့် အပြင် ညီမနှစ်ဦး၏ ပိုင်ဆိုင်မှုနှင့်ဆက်စပ်နေခြင်းကြောင့် တရားရုံးတွင် အမှုရင်ဆိုင်၍ အဆုံးအဖြတ်ရယူရန် ဆုံးဖြတ်ခဲ့ပြီး ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ၃၁-၅-၂၀၁၃ ရက်စွဲပါစာဖြင့် အကြောင်းကြား ခဲ့ရာမှ စခဲ့တဲ့အမှုဖြစ်ပါတယ်။

စာချွန်တော်လျှောက်ထားခြင်း

အဲသည့်အမိန့်ကို မကျေနပ်လို့ ဦးပန်းရင်လှက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်အမိန့်ဖြင့် ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ပါတယ်။ တရားမအထွေထွေလျှောက်ထားမှု ၉၆/၂၀၁၈ ဖြစ်ပါတယ်။ လျှောက်ထားခံရသူတွေက ဥက္ကဋ္ဌ သိန်းနီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖြစ်ပါတယ်။

ကနဦးအမိန့်

နားဆော့ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို နစ်နာသူကအယူခံမှု တင်သွင်းခြင်းမရှိဘဲ မြို့နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပယ်ဖျက်ပြီး ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ဖြင့် အမှုရင်ဆိုင်ဆောင်ရွက်ရန်နှင့် အချင်းဖြစ်မြေသည် နိုင်ငံတော်က စီမံခန့် ခွဲပိုင်ခွင့်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဖြစ် ယင်းမြေအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်စိုက် ပျိုးလုပ်ကိုင်မှုမပြုရန်နှင့် ဝင်ရောက်ကျူးကျော်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု အသိပေးစာပေးပို့ခြင်းသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းချက် များနှင့်ညီညွတ်ခြင်း ရှိ/မရှိ၊ မိမိတွင်မည်သည့် အခွင့်အရေးအာဏာဖြင့် ဆုံးဖြတ်ခြင်း ဟုတ်/မဟုတ်၊ အခွင့် အာဏာရှိသည်ထက် ကျော်လွန်ဆုံးဖြတ်ရာ ရောက်/ မရောက်စိစစ်ရန် ကနဦးအမိန့်ချမှတ်ခဲ့ကြောင်း တွေ့ရပါတယ်။

လျှောက်ထားသူ၏ ရှေ့နေတင်ပြချက်

အချင်းဖြစ်မြေသည် လျှောက်ထားသူဦးပန်းရင်လှတို့ဇနီးမောင်နှံ ဓားမဦးချလုပ်ကိုင်ခဲ့သည့် ခြံမြေဖြစ်ပြီး ယင်းမြေကို လျှောက်ထားသူ၏ မရီး ဒေါ်နန်းပန်က ပန်ခမ်းရွာနေ ဦးအိုက်ဆမ်သို့ ငွေကျပ် ၃၅၀ဝဝဝ ဖြင့် ရောင်းချခဲ့သဖြင့် နှစ်ဖက်အငြင်းပွားရာတွင် ကျေးရွာ ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများရှေ့ ညှိနှိုင်းရာ၌ ရောင်းကြေး ငွေ ၂ ဆ ပြန်ပေး၍ ခြံမြေကို လျှောက်ထားသူအား ပေးစေရန် ၃-၆-၂၀၁၄ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ လျှောက်ထားသူက ဆုံးဖြတ်ချက်ကို လိုက်နာခဲ့သော်လည်း ဦးအိုက်ဆမ်က တောင်ယာမြေလုပ်ကွက်ကိုသာ ရလိုကြောင်း တင်ပြသဖြင့် သိန်းနီမြို့နယ် မြေအသုံး ချမှုစီမံခန့်ခွဲရေးကော်မတီနှင့် လက်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့က နားဆော့ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ မူလမြေယာမှုခင်းဖွင့်လှစ်ရန် ညွှန်ကြား မှုများပြုသဖြင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့က မူလမြေယာမှုခင်းဖွင့်လှစ်ပြီး ၁၆-၂-၂၀၁၅ ရက်တွင် ဦးပန်းရင်လှတို့အား လုပ်ပိုင်ခွင့်ချပေးသည်ဟု ဆုံးဖြတ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို မြို့နယ်လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ၃၁-၅-၂၀၁၆ ရက်စွဲပါစာ ဖြင့် ပယ်ဖျက်၍ မြေယာပိုင်ဆိုင်မှုကို ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ခံယူရန် အကြောင်းကြားခဲ့ကြောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီက ၆-၁၁-၂၀၁၇ ရက်တွင် နှစ်ဖက်အငြင်းပွားသူများကို ဖိတ်ကြားခဲ့ကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၇-၁၂-၂၀၁၇ ရက်စွဲပါစာဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖြစ် ၍ မည်သူမျှ ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခြင်းများ မပြုရန် တားမြစ်ခဲ့ကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ မှု အဖွဲ့သည် မူလမြေယာမှုဖွင့်လှစ်ရန် ညွှန်ကြားစာနှင့် ကျေးရွာရပ်မိရပ်ဖများ သုံးသပ်ချက်အရ အချင်းဖြစ်မြေ သည် လယ်ယာမြေဖြစ်ကြောင်း အငြင်းမပွားသော်လည်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖြစ်သည်ဟု အမိန့်ထုတ်ဆင့်ခြင်းသည် ရှေ့နောက်မညီသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ သက်သေခံဥပဒေပုဒ်မ ၁၁၅ အရ မြေယာမှုခင်းဖွင့်လှစ် ရန် ညွှန်ကြားချက်ကို မျက်ကွယ်ပြု၍ မြေလွတ်၊ မြေရိုင်းဟု ပြောဆိုခွင့်မရှိကြောင်း၊ ဦးအိုက်ဆမ်သည် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ် ချက်ကို အယူခံမဝင်ဘဲ ၂၂-၅-၂၀၁၅ ရက်စွဲဖြင့် တင် ပြစာအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် ကို ပယ်ဖျက်၍ တရားမကြောင်း ဖြေရှင်းရန် ညွှန်ကြား ခြင်းသည် ဥပဒေကို ကျော်လွန်ဆုံးဖြတ်ခြင်း ဖြစ်သောကြောင့် စာချွန်တော်အမိန့် ထုတ်ဆင့်သင့်ကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅၊ နည်းဥပဒေ ၅၂ တို့ပါ ပြဋ္ဌာန်းချက်တို့အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးခြင်းမရှိသဖြင့် ယင်းယာမြေအတွင်း ဝင်ရောက်ခြင်းမပြုရန် တားမြစ်သည့် ညွှန်ကြားစာသည် အပ်နှင်းထားသော အာဏာကျော်လွန်ခြင်းဖြစ်၍ စာချွန်တော်အမိန့်ထုတ်ဆင့်သင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး တင်ပြချက်

ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးက အချင်းဖြစ်မြေသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ရရှိသေးခြင်းမရှိကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က မူလမြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်မှုသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၇-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၂/လယ-၅(ဝ၁၉/ ၂၀၁၃)နှင့် ညီညွတ်မှုမရှိ၍ ၁၅-၉-၂၀၁၆ ရက်စွဲပါ စာအမှတ် ၁၂/လယ-၅(ဝ၀၂/၂၀၁၆)ညွှန်ကြားချက်နှင့်အညီ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ မူလမြေယာမှုခင်းဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားမှုကို ဆိုင်ရာတရားရုံးတွင် ဖြေရှင်းရန် အသိပေးခြင်းမှာ ဥပဒေနှင့်ညီညွတ်ပြီး လျော်ကန်သင့်မြတ်ကြောင်း၊ သိန်းနီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ၁၇-၁၀-၂၀၁၇ ရက်စွဲပါစာဖြင့် အငြင်းပွားမြေသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဖြစ်သည်ဟု ပြန်ကြားချက်နှင့် ၂၉-၁၁-၂၀၁၇ ရက် တွင် ကျင်းပသော မြို့နယ်လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ အငြင်းပွားမြေသည် မြေလွတ်၊ မြေရိုင်းများဖြစ်ပြီး အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဖြစ်သဖြင့် အငြင်းပွားမြေနေရာအတွင်း မည်သူမျှ ဝင်ရောက်ကျူးကျော်စိုက်ပျိုးခြင်းမပြုရန် သက်ဆိုင်ရာ ကာယကံရှင်များထံ အကြောင်းကြားခဲ့ခြင်းဖြစ် ကြောင်း၊ နိုင်ငံပိုင်မြေပေါ်မှ ကျူးကျော်သူများအား ဖယ်ရှားနှင်ထုတ်ခြင်း၊ ဒဏ်တပ်ရိုက်ခြင်း တရားစွဲဆို စေခြင်းတို့ကို မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှု ဆောင်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေပုဒ်မ ၆၅(ဃ)အရ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း စကားရပ် များ အစားထိုးသည့်ဥပဒေအရ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အဆင့်ဆင့် ပြောင်းလဲလာသည့် မြို့နယ်အုပ်ချုပ်ရေး မှူးက လုပ်ပိုင်ခွင့်ရှိ၍ ထိုသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၁၀(က)(၄)အရ ဧက ၅၀ ထက်မပိုသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်သူများအတွက် သက်ဆိုင်ရာဒေသအဖွဲ့ အစည်းတစ်ခုခုက ခွင့်ပြုနိုင်ရေးအတွက် စီမံဆောင် ရွက်နိုင်ကြောင်း၊ သိန်းနီမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌက ၁၂-၇-၂၀၁၈ ရက်စွဲပါစာဖြင့် ဦးအိုက် ဆမ်နှင့် ဒေါ်ရွှေရင်ထံ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရရှိရေး အပြိုင်လျှောက်ထားဆောင်ရွက်ရန် အကြောင်းကြားခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိကြောင်း၊ လျှောက်ထားခံရသူသည် ၄င်းအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းဖြစ်၍ စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားမှုအား ပယ်သည့်အမိန့် ချမှတ်သင့်ပါကြောင်း လျှောက်ထားခဲ့ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သုံးသပ်ချက်

အငြင်းပွားမြေသည် လယ်ယာမြေဖြစ်ခဲ့လျှင် ယင်းလယ်ယာမြေကို သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)ထုတ်ပေးခြင်းများ မရှိမီ လယ်ယာမြေလုပ်ပိုင် ခွင့်အငြင်းပွားမှုကို လယ်ယာမြေဥပဒေပုဒ်မ ၁၃၊ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၇-၅-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၂/လယ-၅(ဝ၁၉/၂၀၁၃)ညွှန်ကြားချက် အပိုဒ်၄(ခ)တို့အရ မြေယာမှုခင်းဖွင့်လှစ်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ လယ်ယာမြေဥပဒေပုဒ်မ ၂၃(ခ)အရ မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ် သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ အချင်းဖြစ်မြေသည် သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ (ပုံစံ-၇)ထုတ်ပေးခြင်း မရှိမီ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မူလမြေယာမှုခင်းဖွင့်လှစ်ဆုံးဖြတ်ခဲ့သဖြင့် ယင်းဆုံးဖြတ်ချက်ကို သိန်းနီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပယ်ဖျက်ခဲ့ခြင်းသည် ၄င်း၏ အခွင့်အာဏာနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာတောင်သူများထံ ဆက်လက်အသိပေးအကြောင်းကြားရန် ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ အကြောင်းကြားခဲ့သဖြင့် လျှောက်ထားသူသည် ယင်းဆုံးဖြတ်ချက်အား မကျေနပ်လျှင် လယ်ယာမြေဥပဒေပုဒ်မ ၂၄၊ ၂၅ တို့နှင့် အညီ သက်ဆိုင်ရာခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ နှင့် ပြည်နယ်လယ်ယာမြေစီမံခန်ခွဲမှုအဖွဲ့သို့ အယူခံ တင်သွင်းနိုင်သည့်အခွင့်အရေး ကျန်ရှိပါလျက်အယူခံ တင်သွင်းခြင်းမရှိဘဲ စာချွန်တော်လျှောက်ထားမှုအပေါ် လက်ခံခွင့်ပြုနိုင်မည် မဟုတ်ပေ။

အချင်းဖြစ်မြေတွင် စိုက်ပျိုးလုပ်ကိုင်သူ ဦးအိုက်ဆမ်အား ၂၀၁၅ ခုနှစ်မှစ၍ စိုက်ပျိုးရာသီရောက်ရှိတိုင်း ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးမှုများ ပြုနေကြောင်း မိုင်းလီကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၁၂-၇-၂၀၁၇ ရက်စွဲပါစာဖြင့် တင်ပြမှုအပေါ် လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကာယကံရှင်များအား အကြိမ်ကြိမ်ခေါ်ယူညှိနှိုင်းခဲ့ သော်လည်း ညှိနှိုင်း၍မရရှိခဲ့ကြောင်း တွေ့ရှိရသည်။

အချင်းဖြစ်မြေကို ဦးပန်းရင်လှတို့က ဓားမဦးချ လုပ်ကိုင်ခဲ့သောခြံမြေဟု တင်ပြသော်လည်း အဆိုပါ မြေအမျိုးအစားသည် မည်သည့်မြေအမျိုးအစားတွင် ပါဝင်ကြောင်း တင်ပြနိုင်ခြင်းမရှိပေ။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ကာယကံရှင်များ၏ အငြင်းပွားမြေနှင့် ပတ်သက်၍ မြေရာဇဝင်စိစစ်တင်ပြရန် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အကြောင်းကြားခဲ့သည်။

မြို့နယ်ဦးစီးဌာနရုံး (လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန)သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ ၁၀ အရ မြေ လွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်စစ်ဆေး ရာတွင် လျှောက်ထားသည့်မြေသည် အမှန်တကယ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဟုတ်/မဟုတ် စိစစ် ရသည့်အပြင် လယ်ယာမြေနည်းဥပဒေ၇(၅)အရ လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာတွင် ဖော်ပြထားသော ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊ ဧရိယာနှင့် မြေပုံ အမျိုးအစားတို့သည် မြို့နယ်ဦးစီးဌာနရုံး၏ စာရင်းမြေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရသည်။

ယင်းဌာနမှတ်တမ်း၌ မြေအမျိုးအစား၊ အသုံးပြု ခွင့်၊ လုပ်ပိုင်ခွင့်ရရှိထားခြင်း ရှိ/မရှိ စသည့် အချက်များကိုလည်း မှတ်ပုံတင်ထားရှိရသည့် ဌာနဖြစ်သည်။ အဆိုပါဌာနက အချင်းဖြစ်မြေ ၁ .၅၀ ဧက၏ မြေရာဇဝင်ကိုစိစစ်ရာတွင် မြေလွတ်၊ မြေလပ် မြေအမျိုးအစား ဖြစ်ပြီး စိုက်ပျိုးသည့် လယ်ယာမြေအမျိုးအစား မဟုတ်သည့်အပြင် (ပုံစံ-၇)ထုတ်ပေးထားခြင်းမရှိကြောင်းနှင့် ပိုင်ဆိုင်မှုအထောက်အထား မှတ်သားထားခြင်းမရှိ ကြောင်း တွေ့ရှိရသဖြင့် ယင်းတွေ့ရှိချက်ကို ၁၇-၁၀-၂၀၁၇ ရက်စွဲပါ စာအမှတ် ၅၂၅/ မအ-၁(ပူးတွဲ-ဌ)ဖြင့် ပြန်ကြားခဲ့သည်။ သို့ဖြစ်၍ အချင်းဖြစ်မြေသည် သက်ဆိုင်ရာမြေစာရင်းမှတ်တမ်း ဖော်ပြချက်အရ မြေလွတ်၊ မြေလပ် မြေအမျိုးအစားဖြစ်ကြောင်း ထင်ရှားသည်။

သိန်းနီမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ ၂၉-၁၁-၂၀၁၇ ရက်နေ့ အစည်းအဝေးတွင် ယင်းမြေနှင့်ပတ်သက်၍ အငြင်းပွားမြေသည် မြေလွတ်၊ မြေရိုင်းဖြစ်ပြီး အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြစ်၍ အငြင်းပွားမြေ အတွင်း မည်သူတစ်ဦး တစ်ယောက်မျှ ဝင်ရောက်စိုက် ပျိုးလုပ်ကိုင်ခြင်းမပြုရန်နှင့် ဝင်ရောက်ကျူးကျော်မှုများ ရှိပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ကာယကံရှင် များထံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၇-၁၂-၂၀၁၇ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့သည်။

ယင်းအကြောင်းကြားမှုကို ဦးအိုက်ဆမ်က ၂၉-၁-၂၀၁၈ ရက်တွင် လားရှိုးခရိုင်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့သို့ အယူခံရာတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ၂/၂၀၁၈ ဆုံးဖြတ်ချက်အရ မြေယာအငြင်းပွားမှုကိစ္စနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

အချင်းဖြစ်မြေသည် မြေလွတ်၊ မြေလပ်မြေ အမျိုးအစား ဖြစ်သည့်အပြင် မြေလုပ်ပိုင်ခွင့်ချထားပေးခြင်းမရှိသေးသည့် အခြေအနေ၌ နှစ်ဖက်အငြင်းပွားမှု များမဖြစ်စေရန်အတွက် ဝင်ရောက်ကျူးကျော်မှုများ ရှိပါက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အကြောင်းကြားခြင်းသည် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

အမိန့်

မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်စိုက်ပျိုးခြင်းမပြုရန် တားမြစ်ခဲ့သည့်အတွက် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ရသဖြင့် ပြန်လည်စိုက်ပျိုးခွင့်ပြုရန် ဦးအိုက်ဆမ်က ၂၆-၉-၂၀၁၈ ရက်တွင် မြို့နယ်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အသနားခံတင်ပြခဲ့သဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အငြင်းပွားသူတို့ အား အချင်းဖြစ်မြေကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် လျှောက်ထားနိုင်ရန်အတွက် ၁၂-၇-၂၀၁၈ ရက်စွဲပါ စာဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေနှင့်အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လုပ်ပိုင်ခွင့်ရရှိရေး အပြိုင် လျှောက်ထားသွားရန် အကြောင်းကြားခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ လျှောက်ထားခံရသူ သိန်းနီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သော ဆောင် ရွက်ချက်များဖြစ်၍ စာချွန်တော်အမိန့် ထုတ်ဆင့်ရန် အကြောင်းပေါ်ပေါက်ခြင်းမရှိပေ။

ထို့ကြောင့် ဤတရားမအထွေထွေလျှောက်ထားမှုကို ပယ်သည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်သူများ ဥပဒေ ဗဟုသုတပြည့်ဝကြပါစေ။

ဦးခင်ဇော်(တရားလွှတ်တော်ရှေ့နေ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့