Crime Logo

Crime Logo

လူကြားထဲ မိန်းမကြောက်သည်ဟု ပြောသည်ကိုအငြိုးထားကာ လူမှားပြီး အိပ်ပျော်နေသည့် အမျိုးသမီးအား ဓားနှင့်ထိုးထွက်ပြေးသွားသူကို အမှုဖွင့်အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၏အနောက်မြောက်ဘက် (၃ မိုင် ၂ ဖာလုံ)ခန့်အကွာရှိ ပိတောက်ခင်ကျေးရွာအုပ်စု၊ သဲကော ကျေးရွာတွင် ဩဂုတ် ၂၀ ရက် ည ၁၀ နာရီအချိန်ခန့်က နေအိမ်အောက်ရှိ အိပ်ရာခြင်ထောင်အတွင်း ကလေးငယ်နှင့်အတူ အိပ်ပျော်နေသည့်အမျိုးသမီးအား အမည်မသိ သူတစ်ဦးမှ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့သော အမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါအမှုဖြစ်စဉ်အား ရေတာရှည် မြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ရာ ပြစ်မှုကျူး လွန်သူကို ဩဂုတ် ၂၂ ရက် ညဉ့်သန်း ခေါင်ကျော် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပြစ်မှု ကျူးလွန်ရာ၌အသုံးပြုသည့် ငှက်ကြီး တောင်ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။
အမှုဖြစ်စဉ်မှာ သဲကောကျေးရွာနေ မပီသေး(ခ)မရတနာဖြိုး(၂၄)နှစ်သည် ခင်ပွန်းဖြစ်သူအပြင်သွားနေ၍ (၆)နှစ် အရွယ်သမီးငယ်နှင့်အတူ အိမ်အောက်ရှိ အိပ်ရာခြင်ထောင်ထဲတွင် အိပ်ပျော်နေစဉ် အမည်မသိသူတစ်ဦးမှ ခြေထောက်အား စမ်း၍ ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့ သဖြင့် ဝဲလက်မောင်းပြတ်ရှဒဏ်ရာတစ် ချက်၊ ဝဲဘက်ရင်သားအထက် ထိုးသွင်း ဒဏ်ရာတစ်ချက်(စိုးရိမ်ရ)ဒဏ်ရာများရရှိ ခဲ့ပြီး တောင်ငူဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။

ရေတာရှည်မြို့မရဲစခန်းမှ အမှုစစ် ရဲအုပ် စစီတိုးနှင့်အဖွဲ့က ဖြစ်စဉ်အား စစ် ဆေးခဲ့ပြီးနောက် အခင်းဖြစ်သည့်ညပိုင်းက ထွက်ပြေးသွားသူမှာ တစ်ရွာတည်းနေ ယဉ်ကိုဦး(၂၆)နှစ်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်း၏ နေအိမ်မှသွားရောက်ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော အရိုး ၇ လက်မ၊ အသွား ၂၃ လက်မရှိ ငှက်ကြီး တောင်ဓားအား နေအိမ်အောက်မီးဖိုခန်းရှိ မြေကြီးအတွင်း ဝှက်ထားသည့်နေရာမှ ပြသထုတ်ယူ အပ်နှံပေးခဲ့သည်။

ထိုသို့ပြစ်မှုကျူး လွန်ရခြင်းမှာ လွန်ခဲ့ သော နှစ်ရက်ခန့်က ကျေးရွာအတွင်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်၌ မပီသေး(ခ)မရတ နာဖြိုး၏ခင်ပွန်းဖြစ်သူ အောင်စိုးဦးမှ ယဉ်ကိုဦးအား မိန်းမကြောက်သူဟုလူကြားထဲ ပြောသည်ကို မကျေနပ်သည့်အတွက် အခင်းဖြစ်ညက နေအိမ်မီးကိုပိတ်ကာ အောင်စိုးဦးအထင်နှင့် ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပြစ်မှု ကျူးလွန်သူ ယဉ်ကိုဦးအား ရေတာရှည်မြို့မ ရဲစခန်းမှ(ပ)၃၅၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၅၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

ကိုလွင်(ဆွာ)
မှုခင်းသတင်းဂျာနယ်

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့