Crime News

Crime News

အင်းစိန်မြို့နယ်၌ ဘဏ်တွင်ငွေသွင်းမည့် ကျပ် ၁၅၂ သိန်းပါ အထုပ်ကို ခိုးယူထွက်ပြေးသူအား ဖော်ထုတ်ဖမ်းဆီးရမိ

ပြစ်မှုကျူးလွန်သူ ကိုကိုလွင်၏နေအိမ်ကို ရှာ‌ဖွေရာ ငွေကျပ်သိန်း ၁၁၀ အား လည်းကောင်း၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်များနှင့် စီးနင်းအသုံးပြုသည့် ဆိုင်ကယ်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

နေပြည်တော် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် (၉)ရပ်ကွက် ကမာကြည်တံတားအဆင်းလမ်းနေ မမေချိုသွေး (၂၃နှစ်)သည် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီက အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် ပုလဲလမ်း ကမ္ဘောဇဘဏ်၌ ငွေသွင်းရန် ဘဏ်မှသတ်မှတ်ထားသည့် စားပွဲခုံပေါ် တွင် အိတ်ဖြင့် ထုပ်ထားသော ငွေကျပ် ၁၅၂ သိန်းပါ အထုပ်ကို တင်ထားပြီး ဘဏ်ငွေသွင်း ဘောက်ချာဖြည့်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ယူဆောင် သွားသဖြင့် မမေချိုသွေးက အော်ဟစ် အကူအညီတောင်းခံစဉ် အဆိုပါ အမျိုးသားမှာ လမ်းဘေး၌ အသင့် ရပ်ထားသော ဆိုင်ကယ်ကို မောင်းနှင်၍ ပုလဲလမ်းဆုံဘက်သို့ ထွက်ပြေးသွားသဖြင့် ၎င်းအား အရေးယူပေးရန် လာရောက်တိုင်တန်း ၍ အင်းစိန်မြို့မရဲစခန်း၌ အရေးယူ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ရွှေ ပြည်သာမြို့နယ်(ထ/၁၆)ရပ်ကွက်နေ ကိုကိုလွင်က အမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပြစ်မှုကျူးလွန်သူ ကိုကိုလွင်၏နေအိမ်ကို ရှာ‌ဖွေရာ ငွေကျပ်သိန်း ၁၁၀ အား လည်းကောင်း၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်များနှင့် စီးနင်းအသုံးပြုသည့် ဆိုင်ကယ်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအနက်မှ ငွေကျပ် ၇၉၀၀၀၀ ဖြင့် ဆိုင်ကယ်တစ်စီး ဝယ်ယူခဲ့ ကြောင်း၊ ငွေကျပ် ၁၈ သိန်းကို အကြွေးဆပ်ခဲ့ကြောင်းနှင့် ငွေကျပ် သိန်း ၂၀ ကို ချေးထားပြီး သုံးသိန်းကို ဖခင်ဖြစ်သူထံ ပေးထားခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများ၊ ငွေများနှင့် အတူ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ကိုကိုလွင်အား အင်းစိန်မြို့မရဲစခန်းက အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား / Myanmaalinn

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့