အိုင်စီဂျေကအမိန့်ချသော်လည်း မလိုက်နာသောဖြစ်စဉ်များ

အိုင်စီဂျေကအမိန့်ချသော်လည်း မလိုက်နာသောဖြစ်စဉ်များ

အခုလက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာအိုင်စီဂျေ ဆိုတဲ့ နိုင်ငံတကာတရားရုံးမှာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့ပြစ်မှုနဲ့ ဂမ်ဘီယာ နိုင်ငံကစွပ်စွဲထားတာကို ပြန်လည်ဖြေရှင်းဖို့ ရှိနေပါတယ်၊ Genocide ရဲ့ အဓိပ္ပာယ်နဲ့ အိုင်စီဂျေအကြောင်း၊ အိုင်စီဂျေရဲ့လုပ်ပိုင်ခွင့်နဲ့ မြန်မာနိုင်ကိုယ်စား ချေပမည့်အဖွဲ့ကို နိုင်ငံတော်အကြံပေး ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတာဝန်အနေနဲ့ဦးဆောင်ပြီးသွားမယ်၊ ၁၀-၁၂-၂၀၁၉ မှာ နယ်သာ လန်နိုင်ငံ၊ ဟိဂ်မြို့မှာ ရုံးစိုက်တဲ့အိုင်စီဂျေတရားရုံး စတင်မယ်ဆိုတာတွေကိုတော့ ရှေ့တစ်ပတ်ကဆောင်းပါးမှာ တင်ပြခဲ့ပြီးပါပြီ။ ခုဆောင်းပါးမှာ အိုင်စီဂျေတရားရုံးမှာ စစ်ဆေးဆုံးဖြတ်ခဲ့ဖူးတဲ့ အမှုတချို့အကြောင်းကို တင်ပြလိုပါတယ်။ ဘယ်လိုအမှုမျိုးမှာ ဘယ်လိုဆုံးဖြတ်ခဲ့တယ်။ ဘယ်လိုအမှုမျိုးမှာ စီရင်ချက်ရဲ့ထိရောက်မှု အကျိုးဆက်က ဘာတွေဖြစ်နိုင်တယ်ဆိုတာကို သိထားရင် မြန်မာပေါ်စွဲဆိုတဲ့အမှုအတွက်လည်း ခန့်မှန်းကြည့်နိုင်မယ်လို့ ထင်ပါတယ်။

အိုင်စီဂျေမှာစစ်ခဲ့သော အမှုများ

အိုင်စီဂျေစပေါ်ကတည်းက စစ်ခဲ့တဲ့အမှု(၁၇၇)မှု ရှိပါတယ်။ မြန်မာနိုင်ငံကို ဂမ်ဘီယာကစွဲတဲ့အမှုက (၁၇၈)မှုမြောက်ပါ။ အိုင်စီဂျေကနိုင်ငံ(States)အချင်းချင်းအကြားဖြစ်တဲ့အမှုကိုပဲ စစ်ဆေးစီရင်ပါတယ်။ ခုလည်း မြန်မာကိုစွဲတာပါ။ မြန်မာနိုင်ငံထဲက ဘယ်သူလုပ်လုပ် မြန်မာရဲ့တာဝန်ပဲယူဆမှာပါ။ တပ်ကလုပ်တာလို့ လက်ညိုးထိုးပြလည်း အစိုးရမှာ တာဝန်ရှိတယ်လို့ တရားရုံးကယူဆမှာပါ။ စွပ်စွဲချက်ကိုဝန်ခံလိုက်သလို ဖြစ်သွားမည့်လမ်းပါ၊ အခုအချိန်အထိ ဒါကို နားမလည်နိုင်ကြသေးဘဲ ဘယ်သူလုပ်တာလို့ ဖော်လိုက်ရင်သက်သာမယ်လို့ထင်ပြီး ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကို တပ်ရဲ့လုပ်ရပ်အတွက်ခေါင်းခံပြီး ချေပမှုမလုပ်သင့်ဘူးလို့ ပြောသူများလည်းရှိလို့ နားလည်အောင် ရှင်းပြချင်တာပါ။

ဘော့စနီးယားနှင့် (ယခင်)ယူဂိုဆလားဗီးယားအမှု

ဒီအမှုဟာ ကျွန်တော်တို့မြန်မာကိုစွဲတဲ့အမှုလိုပါပဲ။ ဂျီနိုဆိုဒ်ကွန်ဗင်းရှင်းကိုချိုးဖောက်တဲ့အမှုနဲ့ အိုင်စီဂျေမှာစွဲခဲ့တဲ့အမှုပါ။ ခရစ်ယာန်အများစုပါတဲ့ ဆာဘ်လူမျိုးတွေ (ဆာဘ်စစ်တပ်)ဟာ မွတ်စလင်ဘာသာဝင် ဘော့စနီးယား၊ ဟာဇီဂိုးဗီးနားကလူတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုပြီးစွဲတဲ့အမှုပါ။ ရှေးက ယူဂိုဆလပ်နိုင်ငံ(ဆားဘီးယား၊ ဘော့စနီးယားစာ ဇီဂိုးဗီးနား၊ မွန်တီနီဂရိုးစတာတွေ) မခွဲထွက်သေးတဲ့အချိန် ရှေးရာဇဝင်အဆက်ဆက်က ခရစ်ယာန်ဆာဘ်တွေနဲ့ ဘော့စနီးယား မွတ်စလင်တွေအတူရောနှောနေထိုင်ခဲ့ကြ သော်လည်း ရန်ငြိုးတွေရှိခဲ့ကြပါတယ်၊ (ရခိုင်ပြည်နယ်လိုပါပဲ) ၁၉၉၁ ခုနှစ်လောက်ကစပြီး ဒီလူမျိုးတွေ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန်ရန်ပွဲတွေဖြစ် သတ်ဖြတ်ရာက ဆာဘ်စစ်တပ်တွေက မွတ်စလင်တွေကို သတ်ဖြတ်၊ အကျဉ်းစခန်းတွေဖွင့်ထိန်းသိမ်း၊ မွတ်စလင် အမျိုးသမီးတွေကို ထောင်သောင်းချီပြီး အကျဉ်းစခန်းမှာချုပ် မုဒိမ်းကျင့်တာတွေလုပ်ခဲ့လို့ ကမ္ဘာ့မီဒီယာတွေမှာ တော်တော်ကျော်ကြားခဲ့ပါတယ်။
.
၁၉၉၂ ခုနှစ်မှာ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနား ဟာ မိခင်ယူဂိုဆလပ်နိုင်ငံကခွဲထွက်လာပြီး ၂၀-၃-၁၉၉၃ ရက်က အိုင်စီဂျေမှာ ယူဂိုဆလပ် (ဆာဘ်နဲ့ မွန်တီနီဂရိုး)အပေါ်ကို တရားစွဲပါတယ်။ နောက်ဆုံး အိုင်စီဂျေကအပြီးသတ် အမိန့်ချတာက ၂၆-၂-၂၀ဝ၇ ပါ(၁၄)နှစ်ကြာမှ အမိန့်ချနိုင်ပါတယ်။ ကြားထဲမှာတော့ ရုံးရဲ့စီရင်ပိုင်ခွင့်ကို ကန့်ကွက်တာတွေ၊ ကြားဖြတ်အမိန့်ချတာတွေ ထုံးစံအတိုင်းရှိတာပေါ့ဗျာ၊ နေတိုးတပ်ဖွဲ့တွေ သူ့နိုင်ငံကိုလာဗုံးကျဲလို့ ဆားဗီးယားက အိုင်စီဂျေမှာစွဲတဲ့အမှုလည်း ကြားမှာရှိသေးတယ်၊ အလွန်ရှည်လျား အငြင်းပွားရတဲ့ အမှုတွေပါ။
.
ချတဲ့အမိန့်ကအတိုချုံးရင် ဆာဘရီနီကာဆိုတဲ့ ဒေသမှာ ဆာဘ်စစ်တပ်က မွတ်စလင် (၇)ထောင် ကျော်သတ်ခဲ့တာကို အထောက်အထားနဲ့ တွေ့ရတယ်၊ သို့သော်(States)အစိုးရအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)ကျူးလွန်တာ မတွေ့ရဘူးလို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ လူမျိုးတုံးသတ် ဖြတ်မှုကျူးလွန်တာကို တားဆီးဖို့တာဝန်ပျက်ကွက်ခဲ့တယ်။ (State Responsibility)ရှိတယ်၊ နိုင်ငံတကာ ရာဇဝတ်တရားရုံးက အပြစ်ပေးရမည့် ဆာဘ်ခေါင်းဆောင်တွေကို ICTY တရားရုံးထံ မအပ်နှံတာဟာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်တယ်၊ ဒါအတိုချုပ်နော်၊ အချက်တွေကအများကြီး၊ အိုင်စီဂျေရုံးဆုံးဖြတ်ပုံက တရားသူကြီး(၁၅)ယောက်က မဲပေးတဲ့စနစ်နဲ့ ဆုံးဖြတ်တာဗျ။ တစ်ချက်ချင်းကိုဘယ်နှမဲ ဘယ်နှမဲနဲ့ ဆုံးဖြတ်တယ်လို့ရေးတာ ဆုံးဖြတ်ချက်တင် ဒီဆောင်းပါးနှစ်ပုဒ်စာ ကမယ်မထင်ဘူး၊ ဒီဆုံးဖြတ်ချက်တွေကို မဲရှုံးတဲ့ အိုင်စီဂျေတရားသူကြီးတွေကိုယ်တိုင် မကျေနပ်ဘူး၊ ဝေဖန်တဲ့ သူတွေလည်း အများကြီးပါ။

သတိပြုစရာ

ဒီအမှုမှာ သတိပြုစရာကတော့ မီတဲ့လူတွေမီကြလိမ့်မယ်ထင်ပါတယ်၊ ဘော့စနီးယားမွတ်စလင်တွေကို ဆာဘ်တွေကအစုလိုက်အပြုံလိုက်သတ်တာ ရုပ်ရှင်တွေလည်းအများကြီးထွက်လာပါတယ်၊ စခန်းတွေမှာ အမျိုးသမီး သောင်းဂဏန်းနဲ့ချီလှောင်ပြီး မုဒိမ်းကျင့် တာ၊ ဓာတ်ပုံတွေ၊ အင်တာဗျူးတွေ၊ တိုင်း(မ်)တို့ နယူးစဝိ(ခ်)တို့မှာ ပါပါတယ်။ ဒါပေမဲ့ ဒီအမှုမှာ အစိုးရက ဖြစ်စေ၊ တပ်ကဖြစ်စေ ရည်ရွယ်ချက်နဲ့ လူမျိုးတုံးအောင် သတ်တယ်လို့ပေါ်မှ ဂျီနိုဆိုက်မြောက်မှာဗျ၊ နေရာတစ်ခုမှာ တပ်ဖွဲ့တစ်ဖွဲ့က မျိုးတုံးသတ်တာကို အသိအမှတ်ပြုတယ်၊ အစိုးရက/တပ်က လူမျိုးတုန်း သတ်ဖြတ်မည့်ရည်ရွယ်ချက်နဲ့လုပ်တာ မပေါ်လွင်ဘူး၊ ဒါကြောင့် (State)အနေနဲ့ လူမျိုးတုံးသတ်ဖြတ်တယ်လို့ မဆုံးဖြတ်ဘူး၊ မတားဆီးနိုင်လို့ တာဝန်ရှိတယ်လို့တော့ ဆုံးဖြတ်တယ်။
.
ဒါကြောင့် သတ်ဖြတ်မှုတွေဖြစ်တိုင်း ဂျီနိုဆိုက်လို့ သေချာပေါက်ဆုံးဖြတ်မယ်လို့ ပြောမရဘူး၊ ရည်ရွယ်ချက်ကအရေးကြီးပါတယ်၊ ကြောက်စရာသိပ်မလိုဘူး ဆိုတဲ့အချက်ရယ်၊ စစ်တပ်က သတ်တယ်လို့ ပေါ် လည်း အစိုးရအပြစ်လွတ်မှာမဟုတ်ဘူးဆိုတာ လေ့လာစေချင်ပါတယ်။

အိုင်စီဂျေကခုံရုံးတင်ပြီး ထောင်ချတာမဟုတ်

ဘော့စနီးယားမှာ မွတ်စလင်တွေကိုသတ်တဲ့ အမှုကြောင့် ဆာဘ်သမ္မတဆလိုဗိုဒန်မီလို စီဗစ်၊ ဗိုလ်ချုပ်ကြီး ရက်ကိုမလာဒစ်၊ ဆာဘ်ခေါင်းဆောင် ရာဒိုဗန်ကရာဒစ်တို့ဟာ တရားစွဲခံရပြီး အမှုရင်ဆိုင်နေရတာရှိတယ်၊ မီလိုစီဗစ်ကတော့ ကွယ်လွန်သွားပါပြီ၊ အဲဒါကို အိုင်စီဂျေကဂျီနိုဆိုက်အမှုနဲ့ ရောထွေးနေကြသူတွေရှိပါတယ်၊ ဆာဘ်ခေါင်းဆောင်တွေကိုဖမ်းဆီးတာ အိုင်စီဂျေက ဂျီနိုဆိုက်အမှုလည်းမဟုတ်ဘူး၊ ရုံးအမျိုးအစားလည်း မတူပါဘူးဗျာ၊ အိုင်စီဂျေအမှုရဲ့ နောက်ဆုံး စီရင်ချက်က ၂၀ဝ၇ ခုနှစ်မှ ချတာပါ။ အိုင်စီဂျေ အမိန့်မချမီကတည်းက ဒီလူတွေကိုဖမ်းဝရမ်းထုတ်ပြီး စစ်ဆေးနေတာက အိုင်စီတီဝိုင် (ICTY-Inter national Criminal Tribunal on Yugoslav)လို့ ခေါ်တဲ့ ယူဂိုဆလပ်အပေါ် အရေးယူတဲ့ သီးသန့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးပါ၊ အခုနာမည်ကြီးလာတဲ့ အိုင်စီစီလိုပေါ့ဗျာ။ ဒီအချိန်တုန်းက အိုင်စီစီမပေါ် သေးပါဘူး၊ ယူဂိုဆလပ်ခေါင်းဆောင်တွေကို အပြည် ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးဖွင့်ပြီး အရေးယူတာကကုလလုံခြုံရေးကောင်စီရဲ့ အာဏာအရ လုပ်တာပါ။ အိုင်စီဂျေက အဲသည့်အချိန်က စစ်နေတုန်းပါ၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီးငါးနိုင်ငံစလုံး ကန့်ကွက်သူမရှိလို့ ဒီအရေးယူမှုဖြစ်လာတာပါ။

.
အိုင်စီဂျေရဲ့စီရင်ချက်က ဥပဒေအရမှန်မမှန်ပဲ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အပြစ်ရှိလို့ ဘယ်သူ့ကို ထောင်ချမယ်၊ ဘယ်သူက ရာထူးကထွက်ပေးဆိုတာမျိုးမဆုံးဖြတ်ပါဘူး၊ ဆက်ပြီးအရေးယူ ဆောင်ရွက်ဖို့ လိုရင် ကုလသမဂ္ဂမှာအဆိုပြုတင်ပြရပြီး အင်အားသုံး အကြပ်ကိုင်မယ်ဆိုရင် လုံခြုံရေးကောင်စီမှာတင်ပြီး သူတို့ အရေးယူချင်မှရပါတယ်၊ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်ခုခုက ကန့်ကွက်ရင် လုပ်လို့မရပါဘူး။

အိုင်စီဂျေ၏ နီကာရာဂွာနိုင်ငံနှင့်အမေရိကန်နိုင်ငံအမှု (၁၉၈၆)

၁၉၈၆ ခုနှစ်က အိုင်စီဂျေမှာ နီကာရာဂွာနိုင်ငံက အမေရိကန်ကို အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတဲ့အမှုကို စစ်ဆေးစီရင်ခဲ့ပါတယ်၊ အဲသည့်အမှုမှာ နီကာရာဂွာက အမေရိကန်ပြည်ထောင်စုဟာ နီကာရာဂွာနိုင်ငံကို ကြည်း၊ ရေ၊ လေ ကျူးကျော်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်၊ အင်အားသုံးအနိုင်ကျင့်ခဲ့တယ်၊ နီကာရာဂွါရဲ့ ပြည်တွင်းရေးကိုဝင်ပြီး စွက်ဖက်ခဲ့တယ်။ ရေကြောင်းကုန်သွယ်မှုကို ဖြတ်တောက်နှောင့်ယှက်တယ်၊ ပင်လယ်ပြင်လွတ်လပ်စွာ သွားလာမှုကိုချိုးဖောက်တယ်၊ နိုင်ငံသားတွေကိုသတ်တယ်၊ ဒဏ်ရာရစေတယ်၊ ပြန်ပေးဆွဲတယ်၊ ဒါကြောင့် အမေရိကန်ရဲ့ ဥပဒေချိုးဖောက်မှုကြောင့် နစ်နာသမျှကို လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
.
ရုံးက စစ်ဆေးချက်အနေနဲ့၊ အမေရိကန်ဟာဥပဒေ ချိုးဖောက်ပြီး အင်အားသုံးစွဲတယ်၊ နီကာရာဂွာပိုင်ပစ္စည်းတွေနဲ့ ရေတပ်သင်္ဘောတွေကို တိုက်ခိုက်တယ်၊ ဆိပ်ကမ်းတွေမှာ ရေမြုပ်ဗုံးထောင်တယ်၊ လေကြောင်း ကျူးကျော်တယ်၊ သူပုန်တွေကိုငွေကြေးလက်နက် ထောက်ပံ့တယ်၊ လေ့ကျင့်ပေးတယ်၊ နီကာရာဂွာရဲ့ ဆန်ဒီနစ်တာအစိုးရကို ဖြုတ်ချဖို့ကြိုးစားတယ်၊ ဒါကြောင့် အမေရိကန်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုရှိတယ်လို့ ၂၇-၆-၈၆ မှာ စီရင် ချက်ချပြီး အမေရိကန်ပြည်ထောင်စုက နီကာရာဂွါကို လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
.
အမေရိကန်ဟာ အိုင်စီဂျေရဲ့ စီရင်ခွင့် (Juris-diction)အပိုင်းကို အငြင်းပွားခဲ့ပြီး သူတို့ရဲ့အငြင်းပွားတဲ့အချက်ကို တရားရုံးက ပယ်ချလိုက်တဲ့အခါ တရားရုံးအမှုမှာ ဆက်လက်မပါဝင်တော့ဘူးလို့ နောက်ဆုတ်ခဲ့ပါတယ်။ အိုင်စီဂျေရုံးရဲ့ ဆုံးဖြတ်ချက်ကိုဆက်လက် အတည်ပြုဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြတဲ့အခါ အမေရိကန်ဟာ လုံခြုံရေးကောင်စီ ရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တော့ ဒီအဆိုကိုဆောင်ရွက်ခွင့် မပြုဘဲ ပိတ်ပင်ခဲ့ပါတယ်၊ နောက်ဆုံးနီကာရာဂွာနိုင်ငံ ဟာ ၁၉၉၂ ခုနှစ်မှာ အမှုကိုရုပ်သိမ်းသွားခဲ့ပါတယ်။

.
ဒါဟာ အိုင်စီဂျေက ဆုံးဖြတ်ချက်ချတိုင်းလိုက်နာတယ်လို့ ပုံသေမှတ်လို့မရဘူး၊ အိုင်စီဂျေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်သော်လည်း အကောင်အထည်ဖော် အရေးယူဖို့ကျတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ ဝင်ငါးနိုင်ငံထဲက နိုင်ငံတစ်ခုခုက သဘောမတူရင် အိုင်စီဂျေကစီရင်ချက်ဟာ လက်တွေ့အရေးယူဖို့မဖြစ်နိုင်ဘူးဆိုတဲ့ ဥပမာတစ်ခုအဖြစ်တွေ့ရပါတယ်။

ဇေယျမင်းမင်းဝင်း

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့