သိန်း ၁၅၀ ယူ၍ လူသတ်ပေးသူအား ဖမ်းမိစစ်ဆေးရာ ယခင်က ထောင်ဒဏ် ၃၇ နှစ်ကျခဲ့ဖူးသူဖြစ်နေ

ရန်ကုန်၊ ဇူလိုင် ၂၀

တွံတေး-လှိုင်သာယာကားလမ်းဘေးတွင် ဇူလိုင် ၁၇ ရက်ကဖြစ်ပွားခဲ့သော လူသတ်မှုအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့က နာရီ ၃၀ အတွင်းဖော်ထုတ်နိုင်ခဲ့ကာ လူသတ်မှုကျူးလွန်သူ ၄ ဦးအားဖမ်းဆီးရမိခဲ့ပြီး ပြစ်ချက်ဟောင်များစစ်ဆေးရာတွင် အခကြေးငွေ သိန်း ၁၅၀ယူ၍ လူသတ်ပေးသည့် တိုးအောင်(ခ)အသေးလေးဆိုသူမှာ ၂၀၀၂ ခုနှစ်တွင် တာမွေ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ်များတွင် ခိုးမှု(၁၁)မှုဖြင့် ထောင်ဒဏ်(၃၇)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၇ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂဘိုရာဘာထုတ်လုပ်ရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်တွင် တရားလို ဦးစန်းဝင်းမှ King Cat ရေတားဆေးကု မ္ပဏီပိုင်ရှင် ဦးခင်မောင်ထွေး ၅၉ နှစ်သည်နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ တွံတေးမြို့နယ်၊ အထက်တမာတကောကျေးရွာအနီး လှိုင်သာယာ-တွံတေး ကားလမ်းမပေါ် ၁၆ မိုင် ၅ ဖာလုံ မိုင်တိုင်အနီးတွင် ဦးခင်မောင်ထွေးမှာ ၎င်းပိုင် Misubishi မော်တော်ယာဉ် 4K—— ပေါ်တွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ခလောက်ချိုက်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ (ပ)၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

လူသတ်မှုကျူးလွန်သူ တရားခံများ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်မှုဖြင့် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုအကူတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ တွံတေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခဲ့၍ အခင်းဖြစ်ရပ်တွင်တွေ့ရှိသော သက်သေခံ တယ်လီဖုန်း(၁)လုံး၊ ငွေကျပ်(၅)သိန်းကျော်နှင့် အခြားသက်သေခံပစ္စည်းများ သိမ်းဆည်းခဲ့ပြီး သေဆုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် သတင်းအချက်အလက်များ ထောက်လှမ်းရယူခဲ့ရာ စုံစမ်းသိရှိရသော သတင်းအရ ဇူလိုင် ၁၈ ရက်နေ့ ညနေ ၅နာရီခွဲအချိန်ခန့်တွင် မောင်မောင်အေး(ခ)မောင်အေးအား မသင်္ကာဖမ်းဆီးစစ်ဆေးခဲ့သည်။

မောင်မောင်အေး(ခ)မောင်အေးအား စစ်ဆေးချက်အရ သေဆုံးသူ ဦးခင်မောင်ထွေးမှာ လယ်ယာမြေများဝယ်ခြင်း၊ အပေါင်ခံခြင်း၊ သီးစားချထားခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ ၎င်းမှ ပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပျိုတိုး(ခ)မျိုးလွင်နှင့်အတူ လယ်ယာမြေများ ရောင်းဝယ်ရာတွင် သေဆုံးသူထံမှ ငွေများပိုမိုယူထားခြင်း၊ တွံတေးမြို့နယ်ရှိ လယ်ပိုင်ရှင်များထံမှ လယ်မြေများကို အပေါင်ခံထားပြီး ရရှိသော အတိုးများကို ဦးခင်မောင်ထွေးထံ မပေးဘဲသုံးစွဲထားခြင်း၊ လယ်ပိုင်ရှင်များထံမှပုံစံ(၇)များ ရယူ၍ ဦးခင်မောင်ထွေးထံ ပေါင်နှံထားရာမှ ပြန်လည် မရွေးနိုင်ခြင်းတို့ကြောင့် ဦးခင်မောင်ထွေးအား သတ်ဖြတ်ရန် ပျိုတိုး(ခ)မျိုးလွင်နှင့် တိုင်ပင်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်ပေးရန်အတွက် ကြည့်မြင်တိုင်မြို့နယ်၊ စက္ကလေးရပ်ကွက်၊ စက်ဆန်းအုပ်စုနေ အောင်အောင်(ခ)ဘကြီးအောင်၏ အဆက်အသွယ်ဖြင့် တိုးအောင်(ခ)အသေးလေးအား ငွေကျပ်သိန်း(၁၅၀)ဖြင့် ငှားရမ်းခဲ့ကြောင်း ပေါ်ပေါက်ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပျိုးတိုး(ခ)မျိုးလွင်(၄၆)နှစ်အား ၁၉-၇-၂၀၁၈ ရက်နေ့ ၀၂၀၀အချိန်တွင်လည်းကောင်း၊ အောင်အောင်(ခ)ဘကြီးအောင်(၅၂)နှစ်အား ယင်းနေ့ နံနက် ၆နာရီ အချိန်ခန့်တွင်လည်းကောင်း၊ တိုးအောင်(ခ)အသေးလေး(၄၈)နှစ်အား ယင်းနေ့ နံနက် ၉နာရီခွဲ အချိန်ခန့်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ များအား စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်တွင် ဦးခင်မောင်ထွေးမှ ၎င်းအပေါင်ခံထားသော လယ်မြေများကို အမည်ပေါက်ပြောင်းလဲပေးရန် လာခဲ့မည်ဖြစ်ကြောင်း၊ မောင်မောင်အေး (ခ)မောင်အေးအားဖုန်းဆက်အကြောင်းကြားသဖြင့် ဦးခင်မောင်ထွေး လာရောက်မည်ကိုသိရှိပြီး မောင်မောင်အေး(ခ)မောင်အေး၊ ပျိုတိုး(ခ)မျိုးလွင်နှင့် တိုးအောင်(ခ)အသေးလေးတို့မှ တွံတေး-လှိုင်သာယာလမ်းမကြီး၊ အထက်တမာတကောကျေးရွာအနီးရှိ တိုးဂိတ်တွင် စောင့်ဆိုင်းနေကာဦးခင်မောင်ထွေး ရောက်ရှိလာသဖြင့် တိုးအောင်(ခ)အသေးလေးအားမြေစာရင်းဝန်ထမ်းဟုပြောဆိုပြီး ကားပေါ်တင်ပေးခဲ့ကြောင်း၊ ဦးခင်မောင်ထွေးမှ တိုးအောင်(ခ)အသေးလေးနှင့်အတူ ကားမောင်း ထွက်သွားခဲ့ပြီး၊ မောင်မောင်အေး(ခ)မောင်အေးမှ ဆိုင်ကယ်ဖြင့် နောက်မှလိုက်ခဲ့ကြောင်း၊ ၁၆ မိုင် ၅ဖာလုံ အရောက်တွင် တိုးအောင်(ခ)အသေးလေးမှ ကားရပ်ခိုင်းကာ အသင့်ပါလာသော ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊ ဦးခင်မောင်ထွေး ကိုင်ဆောင်သည့် တယ်လီဖုန်းနှင့် ကားသော့တို့ကိုယူပြီး မောင်မောင်အေး (ခ)မောင်အေး အားပေးခဲ့ကြောင်း၊ ၎င်းတယ်လီဖုန်းနှင့်ကားသော့ကို ခနောင်တိုချောင်းအတွင်း လွှင့်ပစ်ခဲ့ ကြောင်း ပေါ်ပေါက်ခဲ့သည်။

အထူးအမှုစစ်အဖွဲ့မှ ပြစ်မှုကျူးလွန်သူများ၏ ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဓားဦးချွန်(၁)ချောင်းနှင့် အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သော အဝတ်အထည်များကို တိုးအောင်(ခ) အသေးလေးထံမှ သိမ်းဆည်းရရှိခဲ့သည့်အပြင် ဆက်သွယ် အသုံးပြုသည့် တယ်လီဖုန်း(၄)လုံးနှင့် ဦးခင်မောင်ထွေးအား သတ်ပေးရန် စရံပေးထားသည့်ငွေကျပ်(၁၁)သိန်းအနက် ငွေကျပ်(၆)သိန်းတို့ကို အသီးသီးသိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်စစ်ဆေးရာတွင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အောင်အောင်(ခ)ဘကြီးအောင်မှာ ၁၉၈၆ ခုနှစ်က ဆိပ်ကမ်းမြို့နယ်အတွင်း လုယက်မှုဖြင့် ထောင်(၃)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ဘုရင့်နောင်မြစ်ကူးတံတား အောက်တွင် သင်္ဘော(၁)စီးအား လုယက်မှုအပါအဝင် အခြားအမှု(၃)မှုဖြင့်ထောင်(၁၅)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ကင်းသာရဲဘက်စခန်းမှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ကြောင်း၊ တရားခံ တိုးအောင်(ခ)အသေးလေးမှာ ၂၀၀၂ ခုနှစ်တွင် တာမွေ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ်များတွင် ခိုးမှု(၁၁)မှုဖြင့် ထောင်ဒဏ်(၃၇)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၇ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂဘိုရာဘာထုတ်လုပ်ရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်သူ(၄)ဦးအား အချိန်တို အတွင်း ဖမ်းဆီးရမိခဲ့ပြီး ထိရောက်သောပြစ်ဒဏ်ရရှိရေးအတွက် ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

Source – ရန်ကုန်တိုင်းရဲတပ်ဖွဲ့

Credit – Popular News Journal

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့