ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးက ရည်းစား ဖြစ်သူနှင့်ပေါင်းပြီး ချက်လက်မှတ်အတုဖြင့် ကျပ်သိန်း ၂၇၀၀ ကျော် လိမ်လည်ထုတ်ယူမှု ဖြစ်ပွား

ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးက ရည်းစားဖြစ်သူနှင့်ပေါင်းပြီး မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုမှ ချက်လက်မှတ်အတုဖြင့် ရန်ကုန်မြို့ရှိ ဘဏ်ခွဲအချို့တွင် ကျပ်သိန်း ၂၇၀၀ ကျော် လိမ်လည်ထုတ်ယူမှု ဖြစ်ပွား အမျိုးသမီး ဘဏ်ဝန်ထမ်းတစ်ဦးက ရည်းစားဖြစ်သူနှင့် ပူးပေါင်းကာ မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုမှ ချက်လက်မှတ်အတုဖြင့် ငွေကျပ်သိန်း ၂၇၀၀ ကျော် လိမ်လည် ထုတ်ယူမှုနှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း (အမှတ်-၃)တွင် အမှုဖွင့် အရေးယူထားကြောင်း ဇူလိုင် ၁၇ ရက်က သတင်းရရှိသည်။

“ဘဏ်ငွေကို အလွဲသုံးစားလုပ်လို့ အမှုလာဖွင့်ထားတာ ဟုတ်ပါတယ်။ ဘဏ်ဝန်ထမ်းကို မိထားပါတယ်။ ရည်းစားဖြစ်သူကိုတော့ မမိသေးပါဘူး” ဟု ချမ်းအေးသာစံမြို့နယ် ရဲစခန်းမှ ရဲမှူးသိန်းနိုင်က ပြောကြားသည်။

ဘဏ်မန်နေဂျာဖြစ်သူ၏ တိုင်တန်းချက်အရ ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၂၉ လမ်းနှင့်လမ်း ၃၀ ကြားရှိ ဘဏ်ခွဲ (၄)တွင် အကြီးတန်းလက်ထောက် တာဝန်ထမ်းဆောင်သူအသက် ၂၇ နှစ်အရွယ် မိန်းကလေးသည် ၎င်း၏သူငယ်ချင်းဖြစ်သူ ယောက်ျားလေးအား ဘဏ်တွင်အကောင့် ဖွင့်လှစ်စေခဲ့ကြောင်း၊ ဝန်ထမ်းမိန်းကလေးမှာ သူငယ်ချင်း၏ အကောင့်အား ဖွင့်ပေးပြီးနောက် ချက်လက်မှတ် ၁၀ စောင် ပြုလုပ်ပေးရကြောင်း၊ မိန်းကလေးမှာ သူငယ်ချင်း၏ အကောင့်အား ဖွင့်ပေးပြီးနောက် ချက်လက်မှတ် ၁၀ စောင်အား သူငယ်ချင်းအား ထုတ်ပေးခြင်းမရှိဘဲ ရန်ကုန်မြို့၊ ပန်းဆိုးတန်းဘဏ်ခွဲတွင် စာရင်းဖွင့်လှစ်ထားသည့် စာရင်းပိုင်ရှင် အမျိုးသမီးတစ်ဦး၏ စာရင်းအမှတ်သို့ ချက်လက်မှတ်တွင် နံပါတ်ရိုက်နှိပ်ကာ လက်မှတ် ၁၀ စောင်အား ဝန်ထမ်းမိန်းကလေးမှ ရည်းစားဖြစ်သူ (စုံစမ်းဆဲ) အား ပေးခဲ့သည်။

ရည်းစားဖြစ်သူမှ ၎င်းချက်လက်မှတ် ၁၀ စောင်အား အသုံးပြုကာ စာရင်းပိုင်ရှင်၏ လက်မှတ်အတုထိုးကာ ဇူလိုင် ၉ ရက် တစ်ရက်တည်းမှာပင် စာရင်းပိုင်ရှင်၏ အကောင့်ထဲမှ လှည်းတန်းဈေးဘဏ်ခွဲမှ ငွေကျပ်သိန်း ၈၀၀၊ မင်္ဂလာဒုံဘဏ်ခွဲမှ ငွေသိန်း ၉၅၀ ကျပ်၊ မြောက်ဥက္ကလာပဘဏ်ခွဲမှ ကျပ် ၉၇၅ သိန်း စုစုပေါင်းကျပ် ၂၇၂၅၀၀၀၀၀ အား ဘဏ်အသီးသီးမှ ထုတ်ယူသွားကြောင်း သိရသည်။

ဘဏ်တာဝန်ရှိသူများမှ ဘဏ်ဝန်ထမ်း မိန်းကလေးအား မေးမြန်းရာ ၎င်းကိုယ်တိုင် စာရင်းပိုင်ရှင်၏ အကောင့်နံပါတ်ဖြင့် ချက်လက်မှတ် ၁၀ စောင်ကို ရည်းစားဖြစ်သူအား ထုတ်ပေးခဲ့ကြောင်း ဝန်ခံပြောခဲ့သဖြင့် ဘဏ်ဝန်ထမ်းမိန်းကလေးမှ ၎င်း၏ရည်းစားဖြစ်သူနှင့် ပူးပေါင်းကာ ဘဏ်တွင် စာရင်းဖွင့်ထားသည့် စာရင်းပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ချက်လက်မှတ်အား ဘဏ်မှရယူကာ ချက်လက်မှတ်ပေါ်တွင် အကောင့်ပိုင်ရှင် အမျိုးသမီး၏ လက်မှတ်အတုထိုးကာ ဘဏ်အတွင်းမှ ငွေများအား အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဘဏ်အတွင်းမှ ငွေများအလွဲသုံးစား ပြုလုပ်မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်တွင် ဘဏ်မန်နေဂျာဖြစ်သူက နယ်မြေရဲစခန်း (အမှတ်-၃)တွင် တိုင်တန်းသောကြောင့် ဘဏ်ဝန်ထမ်း မိန်းကလေးနှင့် ရည်းစားဖြစ်သူတို့အား (ပ) ၄၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၄၆၈/၁၁၄ အရ အမှုဖွင့်ကာ ဘဏ်ဝန်ထမ်းမိန်းကလေးအား ဖမ်းဆီးပြီး ရည်းစားဖြစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit : သက်ထွန်းအောင်

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့