ဥပဒေအပေါ်တွင် အမိန့်နှင့် ညွှန်ကြားချက်များ မရှိသင့်ပါ

ဥပဒေ၏အထက်တွင် ရှေ့နေချုပ်ရောက်ရှိနေသကဲ့သို့ ခံစားရပါသည်။ ရှေ့နေချုပ်အဆင့်သည် ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်တူပါသည်။

၁၁-၁၂-၂၀၁၉ ရက်ထုတ် မှုခင်းသတင်းဂျာနယ်တွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးသည့်ဥပဒေနှင့်ပတ်သက်၍ ၁၉-၁၁-၂၀၁၉ ရက်စွဲနှင့် ရှေ့နေချုပ်ရုံးမှ မိမိ၏ အောက်ခြေအား ညွှန်ကြားချက်များထုတ်ခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာအောင်လုပ်သည့် ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိကြောင်းကို ဂရုပြုပြီး ဆောင်ရွက်ကြရန် ညွှန်ကြားထားချက်ကို ဆရာဇေယျမင်းမင်းဝင်း၏ ဆောင်းပါးတွင် ဖတ်လိုက်ရပါသည်။ အကြောင်းအရာများ ပြည့်စုံအောင် ရေးမထားသည့်အတွက် မည်သို့ဆိုလိုသည်ကို မသိပါ။

၁၈-၁၂-၂၀၁၉ ရက်ထုတ် မှုခင်းသတင်းဂျာနယ် နောက်ကျောဖုံးတွင် ရှေ့နေချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်တဲ့ ညွှန်ကြားချက်ကတော့ နိုင်ငံတော်သမ္မတ (ဒါမှမဟုတ်)ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီဥပဒေပါ ပြစ်မှုဟာ နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာစေဖို့ ပြုမူတဲ့ ပြစ်မှုတွေမှာ သက်ဆိုင်ခြင်း မရှိစေရဘူးလို့ ဆိုပါတယ်။ ဒီလိုထုတ်ပြန်ရတာကလည်း ‘နိုင်၊ လွတ်၊ လုံ’နှင့် ပတ်သက်ပြီး ကွဲလွဲစွာ တရားစွဲနေတာတွေ ရှိနေလို့ အများက ဝိုင်းဝန်းဝေဖန်တောင်းဆိုခဲ့ခြင်းကြောင့် ဒီလိုကြေညာချက်မျိုး ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ‘နိုင်၊ လွတ်၊ လုံ’ ဥပဒေနဲ့ တစ်ဦးကိုတစ်ဦး အပြန်အလှန် တရားစွဲတာတွေများခဲ့ပါတယ်။ အခုလို ရှေ့နေ ချုပ်ရုံးက ကြေညာချက်ထုတ်ပြီး နောက်ပိုင်းမှာတော့ လူပုဂ္ဂိုလ်အချင်းချင်း ‘နိုင်၊ လွတ်၊ လုံ’ဥပဒေနဲ့ တရားစွဲလို့ မရတော့ဘူးဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ရှေ့နေချုပ်ရုံး၏ ညွှန်ကြားစာကို ဂဃဏန မဖတ်လိုက်ရသည့်အတွက် ၄င်း၏ရည်ရွယ်ချက်ကို မသိပါ။ မှုခင်းသတင်းဂျာနယ်ပါ သတင်းအရ သိရှိရသောအခါ ကျွန်တော် အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။ လိုက်လံမေးမြန်းကြည့်သောအခါ ပုဒ်မ(၈)တွင် မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ပုဒ်မ (၈)၊ ပုဒ်မခွဲ(က)မှ (ဆ)အထိပါ ပြုလုပ်မှုများကို ဆောင်ရွက်ခြင်းမပြုရန် ပြဋ္ဌာန်းထားသဖြင့် ဤဥပဒေပါ ပြစ်မှုသည် နိုင်ငံသားအချင်းချင်း ထိခိုက်နစ်နာစေရန် ပြုမူရာမှပေါ်ပေါက်သည့် ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုထားသဖြင့် ဥပဒေအကြံမပေးရသည့်သဘော သက်ရောက်နေပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမှုဖွင့်မပေးသည့်အတွက် ထောင်ကျကျ၊ မကျကျ၊ ဒဏ်ငွေရိုက်ရိုက်၊ မရိုက်ရိုက်၊ ရှေ့နေချုပ်အပိုင်းမဟုတ် ဥပဒေအကြံမပေးလျှင် မည်သို့ တရားစွဲကြမည်ကို ရဲများအစား တွေးပူမိပါသည်။ မည်သူမျှ ခွင့်ပြုချက်မရဘဲ ကျူးလွန်လျှင် ပုဒ်မခွဲ(က)မှ (ဆ)အထိ ပြုလုပ်မှုများသည် ပြစ်မှုမြောက်သည်ဟု ဆိုထားပါသည်။ လူပုဂ္ဂိုလ်အချင်းချင်းဖြစ်သော ပြစ်မှုသည် ပြစ်မှုမမြောက်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ။ အမိန့်နှင့် ညွှန်ကြားချက်များကြားထဲတွင် နှစ်ပေါင်းများစွာ နေလာရသည့် ရဲတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့၍လားမသိ၊ စိတ်မကောင်းဖြစ်မိသည်။ ဝမ်းနည်းပက်လက်ဖြစ်ရပါသည်။

ဥပဒေ၏အထက်တွင် အမိန့် နှင့်ညွှန်ကြားချက်များ လွှမ်းမိုးနေတာလားဟု တွေးမိပါသည်။ တစ်ချိန်သောအခါက ဥပဒေအထက်တွင် မည်သူမျှမရှိ (No one is above the Law)ဟူသော ဆိုရိုးစကားလေးကိုသွား၍ သတိရမိသောအခါ တစ်ခုခုတော့ မှားနေသည်ဟု သိရသည်။ မည်သို့မည်ပုံ မှားနေသည်ကို မပြောတတ်ပါ။ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်ပင် အမိန့် နှင့် ညွှန်ကြားချက်များသည် ဥပဒေကို လွှမ်းမိုးခဲ့ခြင်း မရှိခဲ့ပါ။ မိမိ၏ တပ်ဖွဲ့ဝင်များ မလှုပ်နိုင်အောင်၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲအက်ဥပဒေ၊ ရဲလက်စွဲအပြင် အမိန့်နှင့် ညွှန်ကြားချက်များဖြင့် တုတ်နှောင်ထားသော်လည်း ဥပဒေအပေါ် (သို့မဟုတ်)ဥပဒေကို လွှမ်းမိုးခဲ့ခြင်းမရှိပါ။

‘နိုင်၊ လွတ်၊ လုံ’ ဥပဒေသည် အားနည်းသည် ဆိုယုံမျှဖြင့်လည်းကောင်း၊ ပြည်သူအချင်းချင်း ဖြစ်ပွားနေမှုကို မကြည့်ရက်၍ အများ၏တောင်းဆိုမှုများကြောင့် လည်းကောင်း၊ ဥပဒေတွင်မပါရှိသော စာသားများဖြင့် ပိတ်ပင်တားဆီးညွှန်ကြားမှုများ ပြုလုပ်နေခြင်းသည် ရှေ့နေချုပ်သည် ဥပဒေအပေါ်တွင် ရှိနေသကဲ့သို့ ဖြစ်နေပါသည်။ မလိုလားအပ်သော စာသားများဖြင့် တားဆီးပိတ်ပင်ညွှန်ကြားမှုပြုနေခြင်းမှာ မိမိကိုယ်မိမိ ဘာ ဟူသည်ကို မသိခြင်းဖြစ်ပါသည်။

မိမိ၏ လက်အောက်ဌာနများကို ‘နိုင်၊ လွတ်၊ လုံ’အမှုများ ဥပဒေအကြံပြုတင်ပြလာပါက ဥပဒေနှင့် ညီညွတ်မှသာ တရားစွဲဆိုခွင့်ပြုရန်နှင့် မညီညွတ်ပါက ပိတ်သိမ်းရန်တို့ကို တည်မြဲမိန့် (ဆာကျူလာအမိန့်) (Circular) (သို့) Standing order အနေဖြင့် ညွှန်ကြားချက်ထုတ်လျှင် အပြစ်တင်စရာမရှိပါ။ ရှေ့နေချုပ်အနေဖြင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်နေသောကြောင့် ရေးသားနေရခြင်းဖြစ်ပါသည်။

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (ordinance) ကို ထုတ်ဆင့်နိုင်သူမှာ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၀၄)အရ နိုင်ငံတော် သမ္မတတစ်ဦးသာ ရှိပါသည်။ ပုဒ်မ(၁၀၄)တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ပြီး ယင်းအမိန့်ကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်အခါ –

  • (က) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အတည်ပြု၊ မပြု ဆုံးဖြတ်ရမည်။
  • (ခ) အတည်ပြုရန် ဆုံးဖြတ်ပါက ယင်းအမိန့် ဆက်လက်အာဏာတည်ရမည့်အချိန်ကာလကို သတ်မှတ်ပေးရမည်။
  • (ဂ) အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်လည်း အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအား လုပ်ပိုင်ခွင့်များပေးထားသော်လည်း ပြန်လည်ထိန်းချုပ်ထားကြောင်း တွေ့ရှိရပါသည်။

ရှေ့နေချုပ်က ညွှန်ကြားချက်များကို ဥပဒေအထက် ကျော်လွန်၍ ထုတ်ပြန်သည်ကို သိရှိရသောအခါ ‘အရပ်ရပ် နေပြည်တော် ကြားလို့မှမလျော်’ ဖြစ်နေပါသည်။ ဥပဒေ၏အထက်တွင် ရှေ့နေချုပ်ရောက်ရှိနေသကဲ့သို့ ခံစားရပါသည်။ ရှေ့နေချုပ်အဆင့်သည် ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်တူပါသည်။ သမ္မတနှင့် ရင်းနှီးကျွမ်းဝင်တင်ပြနိုင်သော အဆင့်ဖြစ်ပါသည်။ မြေပြင်တွင် ဖြစ်ပျက်နေသော အခြေအနေအား နိုင်ငံတော်သမ္မတအား တင်ပြပြီး၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ရပ်ကို ထုတ်ဆင့်ပေးရန် တင်ပြလျှင် ပို၍သဘာဝကျပါသည်။ ဥပဒေသမားများ၊ ရှေ့နေရှေ့ရပ်များသည် ဥပဒေ၏ အားနည်းချက်၊ အားသာချက်ကို သိလျှင်၊ ပြင်ဆင်ရန်အတွက် လွှတ်တော်ထဲသို့ ရောက်အောင် တင်ပြလျှင်ရပါသည်။ လွှတ်တော်ထဲသို့ ပြည်သူ၏ လိုလားချက်များကို ရှောက်ရှိရန်အတွက် နည်း(၂)နည်း ရှိပါသည်။

တစ်နည်းမှာ လွှတ်တော်အမတ်များနှင့် ရင်းနှီးလျှင် သေချာစွာ ရှင်းပြပြီး အမတ်မှတစ်ဆင့် လွှတ်တော်ထဲသို့ ရောက်အောင်လုပ်၍ ရပါသည်။ လွှတ်တော်အမတ်နှင့် မရင်းနှီးလျှင် လွှတ်တော်ထဲသို့ မည်သို့ရောက်အောင်လုပ်မည်နည်း၊ (ငြိမ်း၊ စု၊ စီ)၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဖြင့် လွှတ်တော်ထဲသို့ ရောက်ရှိအောင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ (ငြိမ်း၊ စု၊ စီ)ဥပဒေတွင် ဥပဒေ သမားများ၊ ရှေ့နေ၊ ရှေ့ရပ်များ၊ ‘ငြိမ်း၊ စု၊ စီ’ မလုပ်ရဟု ဥပဒေတွင် တားမြစ်ပြဋ္ဌာန်းထားရှိခြင်းမရှိပါ။ ဥပဒေ၏ အားသာချက်၊ အားနည်းချက်များကို ပြုပြင်ချင်လျှင် လွှတ်တော်ထဲသို့ ရောက်စေသော ‘ငြိမ်း၊ စု၊ စီ’နည်းများကိုသာ သုံးရမည်ဖြစ်ပါသည်။ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)သည်လည်း ပြင်ဆင်ရန်အတွက် လွှတ်တော်ထဲသို့ ‘ငြိမ်း၊ စု၊ စီ’နည်းဖြင့် ရောက်အောင်လုပ်ပြီးမှ ပြင်ဆင်လာခြင်းဖြစ်ပါသည်။

ရှေ့နေချုပ်၏ ဥပဒေအပေါ်တွင် ကျော်လွန်သော ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းသည် ‘အရပ်ရပ် နေပြည်တော် ကြားလို့မှ မလျော်သဖြင့်’ မထုတ်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

နွေဦးအေး(ကူမဲမြို့)

(၂၀၁၉၊ နိုဝင်ဘာလ၊ ၂၀ ရက်နေ့ထုတ် မှုခင်းသတင်းဂျာနယ်ပါ ဆောင်းပါး။)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့