လင်ခန်းမယားခန်း ပြတ်စဲခြင်း

တစ်ခါတစ်ရံ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေအသိုက်အဝန်း၏ သဘောထားက ကာယကံရှင်၏ခံစားချက်အပေါ် လွှမ်းမိုးသည်လည်းရှိတတ်သည်။

မြန်မာဓလေ့ထုံးတမ်းအရ လင်နှင့်မယား ကွာရှင်းပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း။ (ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့်။ (ဂ) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်းတို့ဖြစ်သည်။

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း

မြန်မာဗုဒ္မဘာသာဝင်များသည် လင်မယားအဖြစ် ပေါင်းသင်းရာ၌ လည်းကောင်း၊ လင်မယားအဖြစ်မှ ကွာရှင်း ပြတ်စဲရာ၌ လည်းကောင်း၊ အခြားဘာသာဝင်များကဲ့သို့ သာသာရေးအတားအဆီး၊ ဥပဒေအတားအဆီးမရှိဘဲနှစ်ဦး သဘောတူညီလျှင် လွယ်ကူစွာ ကွာရှင်းပြတ်စဲနိုင်သည်။

လင်ခန်းမယားခန်းဖြစ်ခြင်းနှင့် ပျက်ခြင်းတို့သည် ထိုကာယကံရှင်နှစ်ဦးတို့၏ လွတ်လပ်သော ကတိပဋိညာဉ် အပေါ်တွင်သာ မှီတည်နေသည်။ နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး လွယ်ကူစွာ ပေါင်းသင်းနိုင်သည်။ ကွာရှင်းနိုင်သည်။ စာချုပ်စာတမ်းမလို။ ဘာသာရေး အခမ်းအနားလည်း မလိုချေ။ (လွယ် လွန် လွန်း လိုက်လေ)

အခြားဘာသာဝင်များနှင့်နှိုင်းယှဉ်ကြည့်လျှင် –

(က) ဟိန္ဒူများသည် ပေါင်းသင်းပြီးနောက် ကွာရှင်းခွင့်မရှိ၊ လင်သေလျှင် လင်သဂြိုလ်သည့် မီးပုံထဲသို့ မယားပါ ခုန်ချသေခဲ့ရဖူးသည်။

(ခ) ခရစ်ယာန်များသည် နှစ်ဦးသဘောတူညီသော်လည်း ကွာခွင့်မရ။ တရားရုံး၌ တရားစွဲဆိုရသည်။ သို့မှသာ ခွဲနေခွင့်၊ ကွာခွင့်ရနိုင်သည်။

(ဂ) မဟာမေဒင်တို့၌ လင်ကမယားကို အကြောင်းမဲ့ တစ်ဖက်သတ်ကွာနိုင်သည်။ ထိုကွာထားသည့်မယားကို လင်ကတိုက်ရိုက်ပြန်ယူ၍မရချေ။ ထိုမိန်းမက ယောကျ်ားတစ်ဦးနှင့် ကြားခံယူပြီးမှ ပြန်ယူခွင့်ရှိသည်။

(ဃ) မြန်မာဗုဒ္မဘာသာဝင်တို့သည် အကြောင်းမဲ့၊ တစ်ဖက်သတ်ကွာရှင်းခွင့်မရှိချေ။ ကွာရှင်းလိုသူသည် မိမိ၏ ဝေစုအားလုံးအဆုံးအရှုံးခံပါမည်။ ထိုမိန်းမကိုလျော်ကြေးလည်းပေးပါမည်။ သားသမီးများကိုလည်း စရိတ်ထောက်ပံ့ပါမည်ဆိုသော်လည်း ထိုမိန်းမ သဘောမတူလျှင် မည်သို့မျှ ကွာရှင်းခွင့်မရနိုင်။

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်း

(၁) လင်ယောကျ်ား ရဟန်းပြုလျှင် လင်မယားအလိုလိုပြတ်စဲသည်။ (ဓမ္မသတ်များ)

(၂) ရဟန်းတော်များသည် (၂၂၇)ပါးသော သိက္ခာပုဒ်များကို ထိန်းသိမ်း၍ ဝိနည်းတော်နှင့်အညီ နေထိုင်ရ သည့် ပုဂ္ဖိုလ်များဖြစ်ရာ လူ့ဘဝက မယားကို ရဟန်းအဖြစ်ရောက်သည့်အခါ မယားအဖြစ် ဆက်ဆံ၍ မဖြစ်နိုင်ပေ။(မပုစီရင်ထုံး) အကြောင်းမှာ ဘုန်းကြီးမယား၊ ဘုန်းဘုန်းအသည်းလေး၊ ဆရာတော်ဘုရား ချစ်ချစ်လေးဟူသော အခေါ်အဝေါ်များကို ပြည်သူများနား၌ အကြားမတော် ၊ နားဝင်မချို၊ မသင့်လျော်။

(၃) လင်ယောကျ်ား၊ ရဟန်းပြုခြင်းသည် လူလောကကို စွန့်ခွာသွားခြင်းဖြစ်ရာ လင်ရဟန်းပြုပြီးနောက် ခုနှစ်ရက်လွန်လျှင် ကျန်ရစ်သည့်မယား နောက်အိမ်ထောင်ပြုနိုင်သည်။ (မနုကျယ်ဓမ္မသတ်)

(၄) ရဟန်းပြုသည်ဆိုရာ၌ ရက်အပိုင်းအခြားနှင့်ရဟန်းပြုသည့် (ဒုလ္လဘ)ရဟန်းပြုခြင်းမျိုးနှင့်မဆိုင်၊

(သင်္ကြန်ပိတ်ရက် ဆယ်ရက်ရှိ၍ ဒုလ္လဘရဟန်းဝတ်သော လင်ယောကျ်ားမယားက အခွင့်အရေးမယူနိုင်ပါ။ (သို့သော် လင်ယောက်ျားက မယားအား ရဟန်းဘဝ၌ ပျော်လျှင်တစ်သက်လုံးဝတ်မည်ဟု မကြွားခဲ့ပါနှင့်)

(၅) မဖော့၏ခင်ပွန်း ကိုဆင်သည် မယားကိုလုပ်ကိုင်မကျွေးနိုင်သဖြင့် ရဟန်းဘောင်ဝင်ခဲ့သည်။ မဖော့က သူ့ဒွေးလေးရွာသို့ ပြောင်းရွေ့သွားတော့မည်ဖြစ်ကြောင်း၊ အားကိုးအားထားတွေ့လျှင် ဦးဇင်းကြီးက ခွင့်ပြုစေ လိုကြောင်း၊ ဦးဇင်းကိုဆင်ထံခွင့်တောင်းလေသည်။ ဦးဇင်းကြီးကလည်း “နင်တို့ဒွေးလေးရွာမှာ ထန်းရည် သမားပေါတယ်ဟ၊ ငါပဲလူထွက်တော့မယ်” ဟုဆိုကာ လူထွက်လာလေတော့သည်။(မောင်ထင်၏ သူ့မယားဝထ္ထု) (မှတ်ချက်-လူထွက်စေချင်လျှင် ဤသို့ပြောပါ) (နောက်လူအားကိုးတွေ့ထားလျှင် သွား ပြောမနေနဲ့)

(၆) ဖိုးသူတော်ဝတ်ခြင်း၊ မယ်သီလဝတ်ခြင်းတို့ကြောင့် လင်ခန်းမယားခန်းမပြတ်စဲချေ။

(ဂ) အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခွင့်ရခြင်း

အိမ်ထောင်ရေးပြစ်မှုကြောင့် သာမန်အိမ်ထောင်ရေးပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဟု နှစ်မျိုးရှိသည်။

(၁) သာမန်အိမ်ထောင်ရေးပြစ်မှုများ

(ကက) လည်ဆည်မှု၊ (ခခ) လင်၏ ဖောက်ပြန်မှု၊ (ဂဂ) နောက်မယားယူမှု၊ (ဃဃ) စွန့်ပစ်မှု၊ (ငင) သာမန်ရက်စက်မှု

(၂) ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုများ

(ကက) မယားဖောက်ပြန်မှုများ၊ (ခခ) ကြီးလေးသောရက်စက်မှု

(၁) သာမန်အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်း

(ကက) လည်ဆည်မှု

တစ်ဦးကလိမ်လည်သည်ကို ကျန်တစ်ဦးက ယုံကြည်၍ ထိမ်းမြားခဲ့လျှင် လွတ်လပ်စွာပေးသော သဘောဆန္ဒ မဟုတ်သဖြင့် ထိမ်းမြားခြင်းတည်မြဲခိုင်မာမှုမရှိချေ။ ဥပမာ၊ ယောက်ျားဖြစ်သူက သားကြီး၊ မယားကြီးရှိလျက် လူပျိုပါပြော၍ လက်ထပ်ခဲ့ခြင်း၊ ယခင်မယားနှင့် ကွာရှင်းပြီးပြီဟု လိမ်လည်ပြောဆို၍ လက်ထပ်ခဲ့ခြင်းဖြစ်လျှင် လိမ်လည်ခြင်းခံရသူမယား၌ ထိုလင်အား ကွာရှင်းခွင့်ရှိသည်။

(ခခ) လင်၏ ဖောက်ပြန်မှု

လင်သည် အခြားမိန်းမတစ်ဦးနှင့် ဟိုဟာပြုလျှင် လင်၏ဖောက်ပြန်မှုဟုခေါ်သည်။ သို့သော် မြန်မာဗုဒ္မ ဘာသာဝင် ယောက်ျားတစ်ဦးသည် မယားတစ်ယောက်ထက်ပို၍ ယူခွင့်ရှိရာ လင်ဖောက်ပြန်မှုသက်သက် နှင့် မယား၌ ကွာခွင့် မရခဲ့ချေ။ ခရစ်ယာန်ဘာသာ၌ လင်သည် ယောက်ျားအချင်းချင်း ဟိုဟာပြုလျှင် လင်မယား၌ ကွာခွင့်ရှိသည်။

(ဂဂ) နောက်မယားယူမှု

လင်သည် ပထမမယားကြီးရှိလျက် ဖောက်ပြန်ရုံသာမက နောက်မယားယူလိုက်ပါက “ရက်စက်မှု” ဖြစ်၍ ပထမမယား၌ ကွာရှင်းခွင့်ရှိသည်။

(ဃဃ) လင်က မယားအား သုံးနှစ်၊ မယားကလင်အား တစ်နှစ်မှ မထောက်ပံ့ဘဲ စွန့်ပစ်ထားလျှင် စွန့်ပစ်ခံရသူ၌ ကွာရှင်းပိုင်ခွင့်ရှိသည်။ (မနုကျယ် ဓမ္မသတ်)

– ၁၈၇၄ ခုနှစ်၊ စီရင်ထုံးများ၌ စွန့်ပစ်ထားသည့် ကာလစေ့လျှင် အလိုအလျောက် ကွာရှင်းပြတ်စဲပြီး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

– ၁၈၉၂ ခုနှစ်၊ စီရင်ထုံး၌ အလိုအလျောက် မပြတ်စဲ။ တရားစွဲဆို၍ ပြတ်စဲခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

– ၁၉၄၉ ခုနှစ်၊ ဒေါက်တာသာမြနှင့် မခင်ပု စီရင်ထုံး၌ စွန့်ပစ်ခံရသူက ထိမ်းမြားခြင်းကို ပျက်ပြယ်လိုသော ဆန္ဒကို အထင်အရှား သိသိသာသာထုတ်ဖော်ပြသရမည်။ ထိုဆန္ဒမပေးသရွေ့ ထိမ်းမြားခြင်း တည်မြဲ သည်ဟု ထုံးဖွဲ့သည်။

(ငင) သာမန်ရက်စက်မှု

ကိုယ်ကာယဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းပြုလျှင် ရက်စက်မှုမြောက်သည်။ ရှေးမြန်မာဓမ္ဇသတ်များ၌ “မယားသခင်-လင်” ဖြစ်သည့်အတွက် မယားကို လင်ကတင်ပါးကို ဝါးခြမ်းပြားနှင့် ရိုက်ဆုံးမခွင့်ရှိသည်ဟု တွေ့ရသည်။

၁၈၉၀ အင်္ဂလိပ်လက်ထက် တရားရုံးများ၌ တစ်ကြိမ်တစ်ခါ ရိုက်က်နှက်ခြင်း၊ ဆံပင်ဆွဲ၍ ဆဲရေးခြင်းသည် ကွာခွင့်ပြုလောက်သည့် အိမ်ထောင်ရေးပြစ်မှုမဟုတ်ဟု ဆုံးဖြတ်သည်။ (မောင်ရွှေဖော့အမှု)

၁၈၉၇ မကြမ်းနှင့် စုဝါအမှု၌ လင်ကမယားကို ရိုက်နှက်လျှင် လင်၌ အပြစ်ရှိသည်။ တစ်ကြိမ်တစ်ခါနှိပ်စက် လျှင်လည်း ကွာခွင့်ရှိသည်ဟုတွေ့ရသည်။

၁၉၁၇ မောင်ကျော်နှင့် မညိုအမှု၌ “လင်နှင့်မယား လျှာနှင့်သွား” အခန့်မသင့်က တစ်ခါတစ်ရံ စကားများ ပြီး ရန်ဖြစ်တတ်ရာ ရန်ဖြစ်ကာမျှနှင့် ကွာရှင်းလောက်သည့် အိမ်ထောင်ရေးပြစ်ချက်ဖြစ်အောင် ပုံကြီးမချဲ့သင့်ဟု ဆုံးဖြတ်ခဲ့သည်။

၁၉၈၆ ခုနှစ် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် အမှု၌ လင်ဖြစ်သူသည် မယား၏အရှင်သခင်ဖြစ်သည် ဆိုသော ရှေးအယူအဆများသည် ခေတ်ကုန်ပြီ။ ယခုအခါ လင်နှင့် မယားတို့မှာ တန်းတူ အခွင့်အရေးရှိပေသည်။ လင်သည်မယားအား ရိုက်နှက်ခွင့်ရှိကြောင်း ဓမ္ဇသတ်များတွင် ပြဆိုထားသော်လည်း ယခုအခါလင်သည် မယားအား အနည်းငယ်မျှပင် ရိုက်နှက်ခွင့်မရှိတော့ပေ ဟု ထုံးဖွဲ့ထားသည်။

(၂) ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုများ

(ကက) မယားဖောက်ပြန်မှု

မယားသည် မိမိလင်မဟုတ်သည့်အခြားယောက်ျားနှင့် စပ်ယှက်မှုကျူးလွန်သည်ကို မယားဖောက်ပြန်မှု ဟုခေါ်သည်။ ဖောက်ပြန်မှုကျူးလွန်ကြောင်းထင်ရှားသည့် သက်သေခံချက်ပြသရန်လိုသည်။ (ဒေါ်လှချစ်နှင့်ဦးစံ အမှု) ဖောက်ပြန်သည်ဟုစွပ်စွဲပြီး လင်ကပစ္စည်းများကို သိမ်းပိုက်ထားပိုင်ခွင့်မရှိပေ။ (ဦးဆင်နှင့် ဒေါ်မမလေး)

မယားဖောက်ပြန်ကြောင်း တရားရုံး၌ ကွာလိုမှုစွဲဆို၍ မယားအပြစ်ကိုပြသရမည်။ မယားဖောက်ပြန် ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့လျှင် ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုဖြစ်၍ ပစ္စည်းခန်းတွင် မယား၏အခွင့်အရေး ဆုံးရှုံးသည်။ သို့သော် မယား၏ပြစ်မှုကိုသိလျက်နှင့် မယားနှင့်အတူအိပ်စက်လျှင် လင်သည် မယားအား ထိုအပြစ်မှ ခွင့်လွှတ်သည်ဟု လေးနက်စွာ မှတ်ယူရမည်။ (ဘီ-ဂို့(ရ်)အမှု)

(ခခ) ကြီးလေးသောရက်စက်မှု

သာမန်ရက်စက်မှုဒဏ်ရာထက် ကြီးလေးသောဒဏ်ရာ (အပြင်းအထန်ဒဏ်ရာ)ဖြစ်လျှင်လည်းကောင်း၊ မယားအား ကွာရှင်းခွင့်မတောင်းတောင်းအောင် ရည်ရွယ်၍ နှိပ်စက်ညှင်းပန်းလျှင်လည်းကောင်း၊ လင်က သူနှိပ်စက် ညှင်းပန်းခြင်းကို နောင်တမရဘဲ သူကပင်ကွာရှင်းပြတ်စဲရန် လိုလားနေလျှင်လည်းကောင်း၊ ထိုရက်စက်မှုသည် ကြီးမားသော ရက်စက်မှုဖြစ်သည်။ (ဒေါ်ပုနှင့် မောင်ထွန်းခ)

မုဆိုးမ ဒေါ်ပု ၅၅ နှစ်နှင့် လူပျိုမောင်ထွန်းခ ၂၅ နှစ် တို့ရသည်။ မောင်ထွန်းခက အရက်ဖိုးတောင်းပြီး မရလည်းရိုက်သည်။ ညဉ့်နက်မှပြန်လာ၍ ဒေါ်ပုနှင့်အိပ်လျှင်လည်းရိုက်သည်။ ဒေါ်ပု ကြွေးတာင်းပြန်လာလျှင်လည်း ရိုက်သည်။ အိမ်မှာလည်း ရိုက်၊ ဘူတာမှာလည်း ရိုက်၊ ထမီကျွတ်အောင် ရိုက်၊ ရိုက်လို့လဲလျှင် မြေမှာဒရွတ်ဆွဲလေသည်။ လူများများရှေ့ရောက်လျှင် “ခင်ဗျားကြီးကို ကြိုက်လို့ယူတယ်မှတ်သလား၊ သုံးရဖြုံးရအောင်ယူတာ” ပြောပြော၍ မကွာမချင်း ရိုက်လေရာ တရားလွှတ်တော်က ကြီးလေးသောရက်စက်မှုဟု သတ်မှတ်၍ လင်မယားပိုင်ပစ္စည်းမှ ၎င်း၏ဝေစု၊ ပိုင်ဆိုင်ခွင့် ဆုံးရှုံးစေကာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့်ဆင်းစေခဲ့သည်။

အထက်ပါတင်ပြချက်များသည် ကွာရှင်းပြတ်စဲနိုင်သည့်အကြောင်းများဖြစ်ပါသည်။ ကွာရှင်းပြတ်စဲကြရာ၌ အသုံးဝင်စေရန် လုပ်ထုံးလုပ်နည်းများကို ဆက်လက်တင်ပြပါမည်။

ယောက်ျားနှင့် မိန်းမတို့ ထိမ်းမြားလက်ထပ်ကြစဉ်ကာလက မိမိတို့သည် “မရှိအတူ၊ ရှိအတူ၊ အေးတူပူအမျှ ဥမကွဲ သိုက်မပျက်၊ ကောင်းတူ ဆိုးဘက်၊ ရာသက်ပန်၊ ရိုးမြေကျ၊ မခွဲမခွာ တွဲကာအမြဲသာ နေထိုင်ပေါင်းသင်း သွားကြပါမည်”ဟု ပြောကြ၊ ဆိုကြ၊ ကတိတွေ အကြိမ်ကြိမ်ပေးခဲ့ကြလေသည်။ သူနှင့်သာ မပေါင်းရရင် ကျွန်တော့်ဘ၀ “ရှင်လျက်နှင့် သေနေသကဲ့သို့” ဖြစ်နေပါသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် တရားရုံးတက်သည့် ထိမ်းမြားလက်ထပ်သည့်စာချုပ်ကို အလောသုံးဆယ်၊ အဆောတလျှင်၊ အလျှင်အမြန် ချုပ်ဆိုလက်ထပ်ပေးခဲ့ပါရသည်။

ယခုသူတို့ရောက်လာပြန်ပါသည်။ လျှာနှင့်သွားတို့ နေ့စဉ်ထိရာမှငြိလာကြသည်။ အချစ်တွေမမြင်၊ အပြစ်တွေမြင်လာကြသည်။ ငြင်းခုန်ပြောဆိုကြရာမှ စကားများရန်ဖြစ်ကာ စိတ်လိုက်မာန်ပါ “ကွာမယ်၊ ရှင်းမယ်” အဆင့်ထိ ရောက်လာကြသည်။ နီးစပ်ရာမိတ်ဆွေများ၊ ရပ်ရွာလူကြီးများက ဖျန်ဖြေစေ့စပ်ပေးခြင်းကြောင့် ပြန်လည်သင့်မြတ်သွား သည်လည်းရှိသည်။ ကာယကံရှင်လင်နှင့်မယားတို့၏ စိတ်ထိခိုက်မှု၊ ရုပ်နာကျင်မှု၊ ငွေကြေးထိပါးမှု၊ ဂုဏ်သရေနစ်နာမှု အတိုင်းအတာနှင့် ထိုအပေါ်တွင်ထားရှိသော သဘောထားတို့က ကွားရှင်းပြတ်စဲစေသောအကြောင်းတရားများ ဖြစ်သည်ကို တွေ့ရသည်။

တစ်ခါတစ်ရံ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေအသိုက်အဝန်း၏ သဘောထားက ကာယကံရှင်၏ခံစားချက်အပေါ် လွှမ်းမိုးသည်လည်းရှိတတ်သည်။

ဥပမာ (သမီး.. တို့အမျိုးထဲမှာ လင်ကွာမယားကွာ ကိစ္စမရှိခဲ့ဘူးဖူး ဒါပဲ) (တစ်လင်မကောင်း တစ်လင်ပြောင်း ပေါ့အေ၊ အနှစ်တစ်ရာ လင်တစ်ရာ၊ ပေါလိုက်တာအေ)

လက်ထပ်စဉ်က သူနှင့်သာမပေါင်းရရင် ကျွန်တော့်ဘဝရှင်လျက်နှင့် သေနေသလိုပါပဲ ပြောခဲ့သူအား ယခုကွာရှင်းသောအခါ¸ ဘယ်လိုခံစားရပါသလဲမေးခဲ့ပါသည်။ ဆရာရယ် အခုပေါင်းနေရတာ “အရှင်လတ်လတ် ငရဲကျနေသလို ခံစားရပါတယ်” ဟု ပြောပြန်ပါသည်။ အမျိုးမျိုးပါကလား။

လင်နှင့်မယားပေါင်းသင်းခြင်းကို ဘောလုံးပွဲတစ်ပွဲကစားသည်နှင့်တူကြောင်း ဥပမာပေးတာလည်းရှိပါသည်။ ပေါင်းသင်းနေစဉ်၊ ကစားနေစဉ်ကာလ၌ တစ်ဦးက အမှားကျူးလွန်လျှင် ကျန်တစ်ဦးက ပြစ်ဒဏ်ဘောပေးတတ်သည်၊ သတိပေးတတ်သည်၊ အလွန်အကျွံ မှားယွင်းမှု ပြုလုပ်လာလျှင် (အဝါကဒ်)ပြတတ်သည်။ တစ်ချို့ကမူ အသေးအဖွဲ ကိစ္စလေးများကိုလည်း (အဝါကဒ်)တန်းပြတတ်သည်။ သို့သော် ထိုသူသည် အဝါကဒ်ကို နှစ်ကြိမ်မက၊ ခြောက်ကြိမ်၊ ရှစ်ကြိမ် အကြိမ်ကြိမ်ပြသည်။ အနီကဒ်တော့ မပြကြပါ။ တစ်ချို့ကမူ သာမန်အသေးအဖွဲဖြစ်ရပ်နှင့်ပင် အနီကဒ်တစ်ခါတည်း တန်းပြပြီး ပွဲပြီးသွားတာလည်းရှိသည်။ တစ်ခါက အမှုတစ်ခုတွင် “ကျွန်တော့်မိန်းမ ဆရာဝန်မကို မင်္ဂလာဆောင်မှာ ဓာတ်ပုံဆရာက သူ့တစ်ယောက်တည်း ဓာတ်ပုံတွေအများကြီးရိုက်တယ် ကွာမယ်” ပြောသည်။ “ဒါလေးနဲ့တော့ မကွာပါနဲ့ ဒေါက်တာရယ်” ဟု တားသည်။ သူပြန်ပြောသည်မှာ “ဟင်း ဒီဓာတ်ပုံဆရာက ကျုပ်မိန်းမရဲ့ ငယ်ရည်စားဗျ” ဟူ၏။

ရှေ့နေများသည် ပေါင်းသင်းလိုသော ၊ ကွာရှင်းလိုသော သူများကို တရားရုံးတက်၍ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း နည်းလမ်းဖြင့် အကျိုးဆောင်ပေးကြရပါသည်။ ထိုနည်းလမ်းသည် စရိတ်စက အကုန်အကျနည်းခြင်း၊ စာချုပ်စာတမ်း အထောက်အထားရရှိခြင်း၊ ကာယကံရှင်နှစ်ဦး၏ လွတ်လပ်သော သဘောဆန္ဒကို ထင်ရှားစေခြင်း၊ အသိသက်သေ နှစ်ဦးနှင့် တရားသူကြီးလက်မှတ်၊ တရားရုံးတံဆိပ်များပါရှိခြင်း၊ တရားရုံး၌ မှတ်တမ်းတင်ပြီးဖြစ်ခြင်းစသော အကျိုးကျေးဇူး များရရှိနိုင်သဖြင့် ယနေ့ခေတ်စနစ်နှင့် ညီသော ဓလေ့ထုံးစံတစ်ခုဖြစ်နေပါသည်။

ယခင်က လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ်များ၌ တံဆိပ်တော်ခွန် (၂၅)ကျပ်ထမ်းဆောင်ကြရသည်။ မကြာမီက တံဆိပ်တော်ခွန်တန်ဖိုး(အနည်းငယ်)တိုးမြှင့်လိုက်ရာ လက်ထပ် ၂၅၀ ကျပ်၊ ကွာ ၂၅၀၀ ကျပ်ထိ ၁၀၀ ရာခိုင်နှုန်း တက်သွားပါသည်။

လက်ထပ်လျှင် ကွာရှင်းလျှင် လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်အရ အခမ်းအနားမလို၊ စာချုပ်စာတမ်းမလိုသော်လည်း ပေါင်းသင်းကွာရှင်းသောလင်နှင့် မယားတို့၌ အရေးအကြောင်းကြုံပါက အထောက်အထား သက်သေခံစာရွက်စာတမ်း တင်ပြရန် အခက်အခဲရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ကွာရှင်းပြီးသူအချင်းချင်းကိုလည်း မယုံကြည်ရပါ။ ကွာရှင်းစဉ်က တစ်မျိုး၊ နောင်ကျလျှင်တစ်မျိုးပြောတတ်၊ လုပ်တတ်ကြပါသည်။ ကွာရှင်းပြီးသည့် ယောက်ျား နောက်မိန်းမယူသည့်အခါ လက်ထပ်မည့်အခါမျိုး၌ ”ကျွန်မသာလျှင် မယားကြီးဖြစ်ပါသည်” ဟုသတင်းစာ၌ ကြေညာတတ်သည်။ မိမိနောက်ယူမည့် ယောက်ျားကိုလည်း ယခင်လင်ဟောင်းက “ဘယ်မလဲကွာရှင်းစာချုပ် မယားခိုးမှု ဖြစ်သွားချင်သလား” ဟု ခြောက်စား၊ ဟောက်စားလုပ်တတ်သည်။ ပွဲဖျက်တတ်ပါသည်။ မယုံရပါ။ ထို့ကြောင့် စာချုပ်စာတမ်းနှင့် ပေါင်းကြ၊ ကွာကြစေလို ပါသည်။အတွေ့အကြုံအရ ”ရန်ငြိုးအကြီးဆုံး ပြိုင်ဘက်နှစ်ယောက်” အား ပြပါဆိုလျှင် မချစ်တော့၍ ကွာရှင်းပြတ်စဲ၊ ပစ္စည်းခွဲဝေကြသော လင်နှင့်မယားကိုပြပါမည်။ ထို့ပြင်အမုန်းဆုံး၊ အနာကျည်းဆုံး ခံစားနေရသော လူတစ်စုကို ပြပါဆိုလျှင် အမွေမှုဖြစ်နေဆဲ၊ ဖြစ်ခဲ့ပြီးသော အမွေဆိုင်ညီအစ်ကို မောင်နှမအရင်းများကို ပြပါမည်။ အလွန်ရင်းနှီးသူ အချင်းချင်း အမှုအခင်းဖြစ်ကြသည့်အခါများ၌ တိုက်ပွဲသည် ပို၍ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရမှုများလှကြောင်း တွေ့ရပါသည်။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့