“ဥပဒေအရ အမှန်ဖော်ထုတ်ခြင်း”

ဒီဘက်ခေတ်မှာလည်း ရှေ့တန်းမှာ သူပုန်လို့ မသင်္ကာသူတွေကို စစ်ကြောမေးမြန်းရပါတယ်။ နာလွန်းမက နာရင် များသောအားဖြင့် ဘယ်ကိစ္စမဆို ဝန်ခံကြပါတယ်။

ကိုဖြူ ။ ။ သိချင်တဲ့ ဖြစ်ရပ်တစ်ခု မှန်သလား၊ မှားသလား သိအောင် ဆရာတို့လောကမှာ ဘယ်လိုနည်းနဲ့ ဖော်ထုတ်လေ့ရှိ သလဲ ပြောပြပါဆရာ။

ယူတီကေ ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ ဥပဒေလောကမှာ ဖြစ်ရပ်၊ အကြောင်းခြင်းရာ (Fact) တွေကို (မှန်သလား၊ မမှန်ဘူး လား)၊ (မှားသလား၊ မမှားဘူးလား)၊ (မှန်လည်းမမှန်၊ မှားလည်းမမှား)၊ အသေအချာ ပြောလို့မရတဲ့ အခြေအနေ (မထင်ရှားခြင်း လား) ဆိုတာ ဖော်ထုတ်ဆုံးဖြတ်နေကြရပါတယ်။

မှန်ခြင်းနဲ့ မှားခြင်းရဲ့ကြားမှာ မထင်ရှားခြင်း၊ မသေချာခြင်းဆိုတာလည်း ရှိပါ တယ်။ မဖြူတိုင်း မမည်းသလို၊ မမည်းတိုင်း မဖြူပါဘူး။ ကြားအခြေအနေကိုလည်း ထည့်သွင်းစဉ်စားရပါတယ်။ ဒါတွေကို လေ့လာတဲ့အတတ်ပညာဟာ သီးခြားရှိပါတယ်။ ကနေ့တော့ လူတစ်ယောက် ပြစ်မှု/အမှား ကျူးလွန်ခြင်း ရှိ/မရှိ ဖော်ထုတ်တဲ့ နည်းတွေအကြောင်း ပြောပြပါမယ်။

စုံစမ်းထောက်လှမ်းခြင်း၊ စစ်ကြောမေးမြန်းခြင်းနည်းတွေဟာ သိလိုတဲ့ ဖြစ်ရပ်တစ်ခုကို သိအောင်လုပ်တဲ့ ရှေးဦးအကျ ဆုံး နည်းလမ်းဖြစ်ပါတယ်။ သက်ဦးဆံပိုင်ခေတ်၊ အာဏာရှင်ခေတ်မှာတုန်းကလည်း စွပ်စွဲခံရတဲ့ (တရားခံ)ကို သေခြင်းမှတစ်ပါး ကိုယ်အင်္ဂါနာကျင်အောင် နှိပ်စက်ညှင်းပန်းပြီး ကိုယ်မေးမြန်းတဲ့ဖြစ်ရပ် ကျူးလွန်ပါတယ် လို့ ဝန်ခံခိုင်းတာ များပါတယ်။ စစ်ဆေး သူများအတွက်ကတော့ တရားခံဝန်ခံရင် အပြစ်ပေးဖို့ လုံလောက်တဲ့ သက်သေခံချက် ရပြီလို့ သဘောထားခဲ့ကြတယ်။ တရားခံ ဝန်ခံသည် ဆိုတဲ့ သက်သေခံချက်နဲ့ လူတွေရဲ့ ဘဝတွေကို နှစ်ပေါင်းများစွာ စီရင်လာခဲ့ကြတယ်။ (တရားခံ ဝန်ခံတိုင်း အပြစ်ရှိ ပါသလား) စဉ်စားစရာပါ။

ဒီဘက်ခေတ်မှာလည်း ရှေ့တန်းမှာ သူပုန်လို့ မသင်္ကာသူတွေကို စစ်ကြောမေးမြန်းရပါတယ်။ နာလွန်းမက နာရင် များ သောအားဖြင့် ဘယ်ကိစ္စမဆို ဝန်ခံကြပါတယ်။

အလားတူပါပဲ။ ထောက်လှမ်းရေးတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ရေကြည်အိုင်မှာ စစ်ကြောမေးမြန်းခဲ့တာတွေ ရှိပါတယ်။ များ သောအားဖြင့် လူသားဟာ အနာမခံနိုင်တဲ့အတွက် စစ်ကြောသူဆန္ဒအတိုင်း ကျူးလွန်မိပါတယ် လို့ ဝန်ခံချက်ပေးလေ့ရှိပါတယ်။ လတ်တလော ကြုံရမယ့် သေဘေး၊ နာကျင်မှုဘေးက လွတ်အောင် လူသားဟာ ထွက်ပေါက်ရှာရပါတယ်။ အသက်ရှင်အောင် ကြိုးစားတတ်ကြပါတယ်။ အခြေအနေအရ ဝန်ခံခြင်းကို ယဉ်ကျေးတဲ့ နိုင်ငံတွေက နားလည်ပြီး သတိနဲ့ချင့်ချိန်လေ့ရှိကြပါတယ်။

စစ်ကြောခံရတဲ့သူတွေ ပြောပြတဲ့ နာကျင်အောင်လုပ်တဲ့ နည်းတွေကတော့ ဂျက်လေယာဉ်ပျံ စီးခိုင်းတာ၊ သံချက်ကာကား စီးခိုင်းတာ၊ မော်တော်ဆိုင်ကယ်စီးခိုင်းတာ၊ လက်ချောင်း၊ စအို၊ လိင်အင်္ဂါကို ကွိုင်ပတ် ကျင်စက်နဲ့တို့တာ၊ လျှပ်စစ်ရှော့အမျိုးမျိုး၊ ဦးခေါင်းရေနှစ်တဲ့ မင်္ဂလာ၊ နံရိုးပတ္တလားတီးတာ၊ တိုက်ပိတ်၊ ကော်ကျွေး၊ လက်ချောင်းကြား ကျည်ဆံညှပ် ပြီး ညှစ် စတဲ့ ဂျပန်ကင်ပေတိုင်နည်းတွေလည်း ပါကြောင်းသိရပါတယ်။ ဒီလိုလုပ်ခံရလို့ တရားခံက ဝန်ခံလိုက်ရင် သူ ပြစ်မှုကျူး လွန်တာ ထင်ရှားရောလား။ ဒီလူကို ဝန်ခံပါတယ်ဆိုပြီး တရားစွဲတင်လိုက်ရင် တရားသူကြီးက စိတ်ရှင်းလက်ရှင်းနဲ့ တရားခံကို အပြစ်ပေးလို့ ရပါ သလား။

အထက်က တင်ပြခဲ့တဲ့ သိချင်တဲ့ဖြစ်ရပ်တစ်ခု မှန်/မှား ပေါ်ပေါက်အောင် လုပ်တဲ့နည်းတွေ တရားဥပဒေအရ စစ်ဆေး ကြားနာခြင်း နည်းလမ်းမဟုတ်ပါဘူး။ အငြင်းပွားမှုတစ်ခု ဖြစ်လာတယ်။ တရားသူကြီး သို့မဟုတ် ခုံရုံးထံ အမှုရောက်လာတယ်။ တရားသူကြီးက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်လိုဆုံးဖြတ်ရင် မျှတမယ်ဆိုတာ နှစ်ဖက်သက်သေ၊ သက်သေခံ ချက်တွေ စစ်ဆေးကြားနာတာကို စစ်ဆေးကြားနာခြင်း လို့ခေါ်ပါတယ်။

စာပေတွေထဲမှာပါတဲ့ မဟော်သဓာရဲ့ လည်ဆွဲတရားစီရင်ခန်း၊ သားတရားစီရင်ခန်း၊ နွားတရားစီရင်ခန်း၊ ပတ္တမြားတရား စီရင်ခန်းတွေမှာပါတဲ့ ကျင့်ထုံးနည်းလမ်းတွေဟာ ရသစာပေအရ ဖတ်လို့ကောင်းပါတယ်။ တစ်နှစ်မှာ အမှုသုံးသိန်းလောက် စစ်နေရတဲ့ ဤနိုင်ငံတရားရုံးတွေမှာ ဒီနည်းတွေ ကျင့်သုံးလို့ ရပါ့မလား။ ငယ်ငယ်တုန်းက ဖတ်စာအုပ်ထဲမှာပါတဲ့ ပုဂံညှပ်ကြီး ရော ဒီခေတ်မှာ တကယ်ရှိရဲ့လား။ ဒီနည်းကို လက်တွေ့အသုံးချလို့ ရပါ့မလား။

ယနေ့ထိ ဒေသအချို့မှာ ကျင့်သုံးနေတဲ့ ဘယ်ဘုရား၊ ဘယ်သိမ်မှာ သွားပြီး ကျမ်းသစ္စာကျိန်ဆိုရဲရင် ဒီလူ့ဘက်က မှန် တယ်ဆိုတဲ့ ကျင်ထုံးနည်းလမ်းကိုရော သုံးလို့ရပါ့မလား။ အများလက်ခံပါ့မလား။

ရှေးမြန်မာမင်းများလက်ထက်က အငြင်းပွားသူနှစ်ဦးအကြား ဘယ်သူမှန်/မှား ဆုံးဖြတ်တဲ့ နည်းတစ်ခုဖြစ်တဲ့ ကမ္ဘာလေး ရပ်လားနည်း ကို အကျဉ်းချုပ်တင်ပြရရင် A နှင့် B အကြား ငွေချေး/မချေး၊ သူပိုင်/မပိုင်၊ သူ့မယားဟုတ်/မဟုတ်၊ အငြင်းပွား နေတယ်ဆိုပါစို့။ ခုံရုံးတရားသူကြီးက A နှင့် B ကို ဆီမီးခွက် ထွန်းခိုင်းပြီး သစ္စာဆိုခိုင်းတယ်။ စောစော မီးငြိမ်းတဲ့လူ ရှုံးတယ်။ (ဒါက မီးထွန်းတဲ့နည်း) အလားတူပဲ A နဲ့ B ကို ဆန်ဝါးခိုင်းပြီး ပြန်ထွေး၊ အလေးချိန်များတဲ့လူ နိုင်တယ် (ဆန်ဝါး)။ A နဲ့ B ကို ရေငုတ်ခိုင်းတယ်။ စောစောရေပေါ် ပေါ်လာတဲ့သူ ရှုံးတယ် (ရေလား) A နဲ့ B ကို ခဲရည်ပူမှာ လက်ထောက်ခိုင်းတယ်။ မြန်မြန်လက် ဆွဲထုတ်တဲ့လူ ရှုံးတယ် (ခဲထောက်) ဒီမီးထွန်း၊ ဆန်ဝါး၊ ရေလား၊ ခဲထောက်နည်းနဲ့ ဘယ်သူမှန်တယ်၊ မှားတယ် စစ်ဆေးတဲ့ ကျင့်ထုံးနည်းလမ်းဟာ အမှန်တရားနဲ့ နီးစပ်ပါရဲ့လား။ အမှန်တရားတကယ် ရရဲ့လား။ ဒီနည်းတွေဟာ အမှန်တရားနဲ့ တိုက်ရိုက် ဆက်နွယ်မှု ရှိရဲ့လား။ ကနေ့ ပြည်သူတွေ စဉ်းစားလို့ရတယ်။ ဒီနည်းတွေနဲ့ အမှန်တရား ရှာဖွေလာရာက ၁၈၂၄-၁၈၅၂-၁၈၈၅ မှာ အင်္ဂလိပ်က စစ်(၃)ကြိမ်တိုက်ပြီး မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်တဲ့ ဒေသတွေမှာ အင်္ဂလိပ်ရဲ့ တရားစီရင်ရေး ယန္တရားကို အသုံးပြုပါတယ်။ တရားရုံးများ ထူထောင်ပြီး တရားသူကြီးများ ခန့်ပါတယ်။ ပြစ်မှုနဲ့ တရားမမှုများကို စစ်ဆေးကြားနာပြီး ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာ အဆုံးအဖြတ်တွေ ပေးလာခဲ့ပါတယ်။ ၁၈၂၄ ကစပြီး အင်္ဂလိပ်ပြဌာန်းတဲ့ ကျင့်ထုံးဥပဒေတွေနဲ့ အမှန်တရားကို ရှာဖွေဆုံးဖြတ်လာခဲ့ပါတယ်။

ကျင့်ထုံးဥပဒေဆိုတာ တရားမျှတစွာနဲ့ သိပ္ပံနည်းကျ အမှန်တရား ဖော်ထုတ်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဒီဥပဒေစနစ် ကို ကမ္ဘာ့နိုင်ငံများကလည်း လက်ခံတယ်။ အပြည်ပြည်ဆိုင်ရာ အမှန်တရား ဖော်ထုတ်တဲ့စံနဲ့လည်း ကိုက်ညီတဲ့နည်း ဖြစ်ပါ တယ်။ ဒီကျင့်ထုံးနည်းလမ်းကို ကျွန်တော်တို့နိုင်ငံက ၁၈၂၄ ကစပြီး ကံအားလျော်စွာ သိရှိ၊ အသုံးချခွင့်ရလာခဲ့ပါတယ်။ ယနေ့ အထိ အဲဒီဥပဒေကို ပြုပြင်စရာတစ်ချက်မှ ရှာမတွေ့သေးပါဘူး။ အဲ ဒီ ကျင့်ထုံးဥပဒေ(၃)ခုက တရားမမှုတွေကို တရားမကျင့်ထုံး ဥပဒေနဲ့ စစ်နည်း၊ ပြစ်မှုတွေကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့စစ်နည်း၊ တရားမမှုနဲ့ ပြစ်မှုက သက်သေတွေကို သက်သေခံ အက် ဥပဒေနဲ့အညီ စစ်ဆေးနည်းတို့ ဖြစ်ပါတယ်။ တရားသူကြီးများဟာ ဒီဥပဒေ(၃)ခုအတိုင်း အတိအကျ လိုက်နာစစ်ဆေးဆုံးဖြတ်ရ ပါတယ်။ မိမိသဘောနဲ့ ထင်ရာမြင်ရာ လုပ်ထုံးလုပ်နည်းနဲ့ စစ်ဆေးခွင့်၊ ဆုံးဖြတ်ခွင့် မရှိပါဘူး။ ပြင်ပပုဂ္ဂိုလ်များရဲ့ ပြောစကား လမ်းညွှန်ချက်တွေနဲ့ မဆုံးဖြတ်ရပါဘူး။ နားမထောင်ရပါဘူး။ ရုံးရှေ့မှာရှိတဲ့ အမှုတွဲမှာ ပေါ်လွင်တဲ့ တရားဝင်သက်သေထွက် ချက်၊ သက်သေခံချက်၊ ဆေးစာ၊ ဆီးစာ၊ ဓာတုပြန်စာ၊ လက်ဗွေလက်မှတ်၊ သွေး၊ လက်နက်၊ ပါရဂူ ထင်မြင်ချက်တွေကိုပဲ အခြေ ပြုပြီး ဆုံးဖြတ်ရပါတယ်။

လူသားဟာ မှားတတ်တယ် ဆိုတဲ့ ကျယ်ပြန့်တဲ့ သဘောထားကိုလည်း ကျင့်ထုံးဥပဒေမှာ တွေ့ရပါတယ်။ တရားသူကြီး များလည်း မှားတတ်တယ်။ ဒါကြောင့် အယူခံရုံးတွေ ဖွဲ့ပေးပြီး ရှုံးတဲ့သူက အယူခံတက်ရောက်ခွင့် အခွင့်အရေး ပေးထားပါ တယ်။ တွေ့ရှိချက်၊ ထင်မြင်ယူဆချက်တွေဟာ ကွဲလွဲနိုင်တယ်။ ကွဲလွဲတတ်တယ်။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတယ်ဆိုတဲ့ အယူ အဆကိုလည်း တွေ့ရပါတယ်။ အလွန်ခေတ်မီပြီး အဆင့်မြင့်တဲ့ အမှန်တရား ရှာဖွေနည်း ဖြစ်ပါတယ်။

သို့သော် ကနေ့ ကျွန်တော်တို့ ပြည်သူတွေ ဗီဒီယိုဇာတ်လမ်းတွဲတွေ ကြည့်ပြီး ခိုင်ဖုန်းတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို အံ့သြ၊ အားကျ၊ အထင်ကြီး၊ အရမ်းချီးမွမ်းနေတာ တွေ့နေရပါတယ်။ တကယ်တော့ ကျွန်တော်တို့ တရားစီရင်ရေးရဲ့ အမှန် တရား ရှာဖွေပုံနည်းလမ်း ကျွန်တော်တို့ရဲ့ ဥပဒေဟာ ခိုင်ဖုန်းတရားရုံးကျင့်ထုံးထက် အဆများစွာ အဆင့်မြင့်ပါတယ်။

အလွန်မျှတတယ်။ အမှန်တရားနဲ့ နီးစပ်တယ်။ စွပ်စွဲခံရသူဘက်က ထုချေခွင့်၊ သက်သေပြခွင့်၊ ရှေ့နေငှားခွင့်ရှိတယ်။ အများပြည်သူရှေ့မှာ စစ်တယ်။ တရားရုံးရှေ့မှာ ရိုက်နှက်နှိပ်စက်စစ်ဆေးဖို့ဆိုတာ ဝေးလာဝေး၊ တရားခံကို ရုံးရှေ့မှာ လက်ထိတ်တောင် မခတ်ရဘူး။ အာမခံပေးတယ်။ ပြစ်ဒဏ်ချလိုက်ရင်လည်း တစ်ခါတည်း ခေါင်းဖြတ်အသတ်မခံရဘူး။ အယူခံရုံး အဆင့်ဆင့် အယူခံဝင်လို့ရတယ်။ သို့သော်လည်း ကျွန်တော်ရဲ့တရားသူကြီးတွေဟာ ပေါင်ချိန်နဲ့ဘာများကွာခြား နေပါသလဲ။ အမှုစစ်ရဲတွေနဲ့ အစိုးရရှေ့နေတွေကလည်း ကျန်ကျောင်း၊ ကုန်းစွန်းနဲ့ ဘာများကွာခြားနေပါသလဲ။ ပြည်သူတွေက ပေါင်ချိန်ကို ဘာလို့ ဒီလောက် ချီးမွမ်းနေရတာလဲ။
ရဲနဲ့ပြည်ထဲရေးကိုဘာ့လို့မယုံကြ ကြတာလဲ။

ကျွန်တော်တို့ လူတွေ တစ်ခုခုမှားနေပြီ ထင်ပါတယ်။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့