Crime Logo

Crime Logo

ဆရာဝန်တစ်ဦးနှင့် ရှေ့နေတစ်ဦး

တစ်နေ့သောအခါ တစ်ခုသော မြန်မာမှုစင်တင်တေးဂီတစားသောက်ဆိုင်တစ်ခု၌ ဆရာဝန်တစ်ဦးနှင့် ရှေ့နေတစ်ဦး တို့သည် ညညတွင်မကြာခဏ ရောက်ရှိလာတတ်ပြီး အဆိုတော်လှလှလေးများအား သီချင်းတောင်းခြင်း၊ ပန်းကုံးချီးမြှင့်ခြင်းတို့ ပြုလုပ်ပြီးနောက် အောက်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြလေသည်။

ရှေ့နေ ။ ။ ဆရာဝန်ဖြစ်အောင် ဘာတွေလုပ်ခဲ့ရသလဲ ပြောပြပါဆရာ။

ဒေါက်တာ။ ။ (၇)နှစ် ဆေးကျောင်းတက်ပြီး အလုပ်သင်ဆရာဝန်အဖြစ်တစ်နှစ်ဆင်းခဲ့ရတယ်။ ပြီးတော့ (ဆ-မ) ဆရာဝန် မှတ်ပုံတင် လက်မှတ်ရပြီး ဆရာဝန်အဖြစ် လုပ်ကိုင်စားသောက်ခွင့်ရတာပေါ့ဗျာ။ ဆရာဝန်ကျင့်ဝတ်သိက္ခာ ပျက်ပြားရင် ဒီ(ဆ-မ)လိုင်စင်ကို ပြန်ရုပ်ခံရတတ်တယ်။

ရှေ့နေ ။ ။ ကျွန်တော်တို့လည်း ဝိဇ္ဇာဘွဲ့ဲ၊ သိပ္ပံဘွဲ့ရပြီး ရှေ့နေစာမေးပွဲအောင်ရင် ဘီအယ်ဘွဲ့၊ အာရ်အယ်လ် ဘွဲ့ရရင်၊ ဒါမှမဟုတ် အယ်လ်အယ်လ်ဘီ ဥပဒေဘွဲ့ရရင် အလုပ်သင်ရှေ့နေ တစ်နှစ်ဆင်းရတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အထက်တန်းရှေ့နေလိုင်စင်ထုတ်ပေးတယ်။ အထက်တန်းရှေ့နေအဖြစ် (၃)နှစ်လိုက်ပါပြီးရင် တရားလွှတ်တော်ရှေ့နေ လိုင်စင် လျှောက်နိုင်တယ်။ ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာစာတမ်းကို ချိုးဖောက်ရင် ရှေ့နေလိုင်စင် ပြန်ရုပ်ခံရတယ်။

ဒေါက်တာ။ ။ ဆရာဝန်ဘွဲ့ရပြီး အမှုထမ်းဝင်လုပ်သူ၊ ပြင်ပဆေးခန်းဖွင့်သူ ဖွင့်ကြတယ်။ မိမိရတဲ့ဘွဲ့နဲ့ ရာထူးတွေ ဖော်ပြကြတယ်။

ရှေ့နေ ။ ။ ကျွန်တော်တို့လည်း အမှုထမ်းအဖြစ် တရားသူကြီး၊ ဥပဒေဝန်ထမ်း စသည်တို့ လုပ်သူလုပ်၊ ပြင်ပရှေ့နေ လိုက်သူလိုက် လုပ်ကြတယ်။ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဘွဲ့ဒီဂရီတွေမှီးပြီး အသက်မွေးကြရသူများဖြစ်လို့ သူတို့ဘွဲ့တွေကို ဖော်ပြခွင့်ရှိကြတယ်တဲ့ ။

ဒေါက်တာ ။ ။ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပညာရှင်များ၏ အသက်မွေးဝမ်းကျောင်းမှုလို့ ခေါ်ကြတယ်။ တိုးတက်နေတဲ့ ဆေးပညာကုထုံး၊ ဆေးဝါးများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရတယ်ဗျာ။

ရှေ့နေ ။ ။ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို မြင့်မြတ်တဲ့အသက်မွေးဝမ်းကျောင်းမှု လို့ခေါ်ကြတယ်။ ရှေ့နေကောင်းတစ်ယောက်ဖြစ်အောင် ‘ မြင်းလို၊ နွားလို အလုပ်လုပ်ရမယ်။ ရသေ့၊ ရဟန်းလို ခြိုးခြံနေထိုင်ရမယ်’ထို အဆိုအမိန့်များ ရှိတယ်ဗျာ့။ မကြားဝံ့ ရှေ့နေ ဆိုစကားလို၊ မိမိသိသမျှ အမှုသည်အကြောင်းကို မည်သူကိုမျှ ထုတ်ဖော် ပြောဆိုခြင်း မပြုရဘူးဗျာ။

ဒေါက်တာ ။ ။ ဆရာဝန်ဘွဲ့ ယူစဉ်က ကျိန်ဆိုခဲ့ရတဲ့ ‘ ဟစ်ပိုခရိတ္တိ’ ကျိန်စာမှာလည်း ဒီအတိုင်းပါပဲဗျာ။ မမြင်ဝံ့ ဆေးသမားဆိုတာလိုပဲ ။

ရှေ့နေ။ ။ ကျွန်တော်တို့ လုပ်ငန်းခွင်က မိမိအလုပ်ရုံးခန်းမှာ အမှုသည်တွေကို လက်ခံဆွေးနွေးတိုင်ပင်တယ်။ ပြီးတော့ တရားရုံး၊အခွန်ရုံး၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ စည်ပင်သာယာ၊ မြေစာရင်းရုံး၊ အချုပ်ခန်း၊ ရဲစခန်း၊ ထောင် စသည်တွေမှာ သူတို့ကိစ္စလိုက်ပါ အကျိုးဆောင်ပေးရတယ်ဗျာ့။

ဒေါက်တာ။ ။ ကျွန်တော်တို့လည်း အတူတူပါပဲ။ ကိုယ်ပိုင်ဆေးခန်းနဲ့ အခြားဆေးခန်း(၃-၄)ခုမှာ လူနာတွေကုတယ်။ အထူးဆေးခန်း၊ ဆေးရုံတွေပေါ်က လူနာတွေ လှည့်လည်ကြည့်ရှု ကုသပေးတယ်။

ရှေ့နေ ။ ။ ကျွန်တော်တို့ အလုပ်ခွင်တွေက မစည်ကားအပ်တဲ့ အရပ်တွေပါပဲ ဆရာ။ ဒါပေမယ့် လူတွေ တရုန်းရုန်းနဲ့ အရမ်း စည်တာပဲ။ဈေးသည်တွေကလည်း ရောင်းလို့သိပ်ကောင်းတာပဲတဲ့ ။

ဒေါက်တာ။ ။ ကျွန်တော်တို့ ဆေးရုံတွေကလည်း မစည်ကားအပ်တဲ့အရပ်တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်ငန်း သဘာဝက လူနာတွေရဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ရုပ်ကျန်းမာရေးကို စောင့်ရှောက်ရတယ်။

ရှေ့နေ။ ။ ကျွန်တော်တို့ကတော့ အမှုသည်တွေရဲ့ကိုယ်ခန္ဓာ၊ စိတ် ဂုဏ်သရေနဲ့ ပစ္စည်းတွေကို သူတစ်ပါးက လာပြီး မထိပါးအောင်၊ ထိပါးသွားရင်လည်း ဒီလူကို အပြစ်ပေးရေး၊ လျှော်ကြေးပေးရေးအတွက် တရားစွဲဆိုအရေးယူ ပေးရတယ်။

ဒေါက်တာ။ ။ ဒါဆိုရင် ခင်ဗျားတို့ ရှေ့နေတွေနဲ့ ကျွန်တော်တို့ဆရာဝန်တွေ နှစ်ဦးပေါင်းလိုက်ရင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ သတ်မှတ်တဲ့ ကျန်းမာသူဆိုတဲ့ စံချိန်စံညွှန်းကို ရနိုင်တာပေါ့နော်။ကျန်းမာသူဆိုတာတဲ့ အနာရောဂါကင်းရုံ၊ ချိနဲ့ မသန်မစွမ်း မဖြစ်ရုံသာ မကဘူးတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ငွေကြေးပိုင်း၊ လူမှုဆက်ဆံရေးပိုင်း အားလုံးက ပြည့်စုံအဆင်ပြေတဲ့သူကိုမှ တကယ့်ကျန်းမာသူလို့ (ဒဗလျူ အိပ်ချ်အို)က သတ်မှတ်ထားတယ်ဗျ။’

ရှေ့နေ ။ ။ ဆရာတို့ လူနာကို ကုသတဲ့အခါ ပြိုင်ဘက်က ဘယ်သူလဲဆရာ။

ဒေါက်တာ ။ ။ ပြိုင်ဘက်တို့၊ ရန်သူတို့၊ ဆန့်ကျင်ဘက်အုပ်စုတို့ မရှိဘူးဗျ။ ပုံသေပေးထားတဲ့ သဘာဝဓမ္မ ဖြစ်တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ နိယာမတရားနဲ့ ယှဉ်ပြိုင်ရတာပါ။ ဒီသဘာဝနိယာမကြီးဟာ လူနာကို ဆုံးဖြတ်သူပဲ။ တရားသူကြီးပဲ။ ဒါပေမယ့် ဒီသဘာဝနိယာမတရားသူကြီးက လာဘ်ထိုးလို့မရဘူးဗျ။ မျက်နှာမလိုက်ဘူး။ ချစ်ခြင်း၊ မုန်းခြင်း၊ ကင်းတယ်။ သူ့ကို ကြိုက်သူ မကြိုက်သူ၊ လေးစားသူ၊ မလေးစားသူ၊ အားကိုးသူ၊ မကိုးသူ၊ အာဏာရှိသူ၊ မရှိသူ၊ ဘယ်သူ့ကိုမျှ အရေးမစိုက်ဘူး။ သူ့အလုပ် သူလုပ်ပြီး အဆုံးအဖြတ်ပေးသွားတာပဲ။ ဓမ္မဓိဋ္ဌာန်ကျတယ် (အော့ဘ်ဂျက် တစ်ဖ်)ဖြစ်တယ် ဆိုရမှာပဲ။

ရှေ့နေ ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့လောကနဲ့တခြားစီပဲ ဆရာရေ။ကျွန်တော်တို့ လောကမှာတော့ ဆန့်ကျင်ဘက် အမှုသည်၊ ရှေ့နေ၊ အုပ်စုဆိုတာလည်းရှိတယ်။ ဥပဒေဝန်ထမ်း၊ ရဲ၊ တရားရုံးအဖွဲ့ သက်သေ ဆိုတာလည်းရှိတယ်။ ဆုံးဖြတ်သူက လူသားဖြစ်တဲ့ တရားသူကြီး၊ သူ့နောက်နဲ့ အထက်မှာလည်း မမြင်နိုင်တဲ့အင်အားတွေ၊ ပယောဂတွေ ကာလဒေသ ပယောဂ အရရှိတတ်တယ်။ အဆုံးအဖြတ်ရလဒ်ဟာ အလွန့်ကို မရေရာမသေချာဘူး။ အလွန်ပုဂ္ဂလဓိဋ္ဌာန် ကျတယ်။ (ဆပ်ပ်ဂျက်တစ်ပေါ့ ဆရာ)

ဒေါက်တာ။ ။ လူနာရဲ့ပျောက်ကင်းခြင်း၊ အသက်ရှင်ခြင်း ရလဒ်ဟာ ကုသတဲ့ဆရာဝန်ရဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်၊ လုပ်ဆောင်နိုင်မှုအပေါ်မှာ အများကြီးတည်တယ်ဗျ။ တစ်ခါတစ်ရံတော့လည်း လူနာရဲ့ကံက သေဖို့အကြောင်းပါလာရင် ဆရာဝန် ဘယ်လောက်တော်တော်၊ ကြိုးစားကြိုးစား သေသွားတတ်တာပါ။ အစိုးမရ အနတ္တတရားနဲ့ဖြေခိုင်းရတော့တာပါ။ လူနာရဲ့ကံ၊ ဆရာဝန်ရဲ့ကံ၊ အထူးကုဆေးခန်းပိုင်ရှင်ရဲ့ ကံပေါ့ဗျာ ။

ရှေ့နေ ။ ။ ကျွန်တော်တို့လောကမှာက တစ်ဖက်အမှုသည်နဲ့ ရှေ့နေဆိုတာ ရှိတယ်ဗျ။ နိုင်ငံတော်လည်း ဖြစ်နေ တတ်တယ်။ တရားခံက ထောင်ကျမယ့် ကံဇာတာပါလာရင် ရေနစ်မဲ့သူယောင်ကလေးနဲ့ ဆိုတာလိုပဲ။ အစစ အရာရာ အဆင်မပြေတော့ဘူးဗျ။ လွတ်မဲ့အမှုလည်း ကျတာပဲ။ ကျမယ့်အမှုကတော့ လွတ်ဖို့သိပ်မရှိပါဘူး။ လွတ်နိုင်တဲ့ အမှုတစ်ခုဟာ စီရင်ချက်မချမချင်း မသေချာဘူး။ အမိန့်ချခါနီးမှ တစ်စုံတစ်ရာ ပယောဂကြောင့် တစ်သက်တစ်ကျွန်းလည်း ကျသွားနိုင်တယ်ဗျ။ ကျွန်တော်တို့ လောကမှာ မှန်တာ၊ မှားတာတို့၊ ကောင်းတာ၊ ဆိုးတာတို့၊ မျှတတာ၊ မမျှတတာတို့ တရားတာ၊ မတရားတာတို့ အဓိကမကျဘူး။ ကိုယ့်အမှုသည် နိုင်သလား၊ ရှုံးသလား၊ ဒါပဲအရေးကြီးတယ်။ ဆုံးဖြတ်သူက လူသားတရားသူကြီးဖြစ်တယ်။ သူ့ကို လွှမ်းမိုးနေတဲ့သူတွေ၊ အခြေအနေတွေ ဘာရှိနေသလဲ။ သူဘယ်လောက်မှာ ရောက်နေသလဲကြည့်ရတယ်။ သူကိုယ်တိုင်က အဂတိတရားလေးပါးကင်းမယ်။ သီလ၊ သမာဓိ၊ ပညာပြည့်စုံမယ်ဆိုရင်တောင် ဥပဒေအတိုင်း နည်းနည်းပါးပါး၊ မှန်မှန်ကန်ကန် ဖြစ်လာနိုင်သေးတယ်။ အခြားအကြောင်းတရားတွေလည်းကိုလည်း ထည့်တွက်ထားရတယ်ဗျာ။

ဒေါက်တာ။ ။ ဆုံးဖြတ်သူ သဘာဝတရားကြီးကတော့ သူ့သဘာဝအတိုင်း ပုံသေ၊ ပေးထားချက်အတိုင်း ဆုံးဖြတ် တာပဲ။

ရှေ့နေ ။ ။ ကျွန်တော်တို့ လောကမှာတော့ အရပ်ဆယ်မျက်နှာက လူအမျိုးမျိုး၊ နတ်အထွေထွေဆိုသလိုတွေက ပုံစံအမျိုးမျိုးနဲ့ချောက်တွန်းကာ၊ ချုံခိုတိုက်တာ၊ ပူးသတ်တာ၊ မြှူဆွယ်တာ၊ လာဘ်ထိုးတာတွေ ရှိတယ်ဗျ။ သတိမလစ်အောင် နေရတယ်။ မိမိရဲ့အမှုသည်အပေါ်မှာလည်း သစ္စာအလွန်ရှိရတယ်။

ဒေါက်တာ ။ ။ ကျွန်တော်တို့မှာလည်း လူသားဆရာဝန်များဖြစ်တော့ ၁ဝဝ ရာခိုင်နှုန်း ပျောက်တယ်ဆိုတာလည်း မရှိပါဘူး။ အသေအပျောက်ရှိကြတာပါပဲ။’ မသေသော ဆေးသမား’လို့ ဒါကြောင့် ဆိုရိုးရှိတာကိုး။အင်း ကိုယ်ကုသရတဲ့ လူနာတွေ ဘာကြောင့်ပဲဖြစ်ဖြစ် ခဏခဏ သေလွန်းတော့လည်း ‘ အလောင်းစီသူ ‘ဆိုပြီး နာမည်ပျက်တတ်တယ်ဗျ။

ရှေ့နေ ။ ။ ကျွန်တော်တို့လည်း ‘ မှားလွန်းတဲ့ရှေ့နေ’တွေကို ထီးပြန်၊ ဖိနပ်ပြန် ရှေ့နေလို့ ပြောတာတွေ ရှိတယ်ဗျ။ တရားခံက ထောင်ကျသွားတော့ အိမ်ကို တရားခံရဲ့ ထီးနဲ့ဖိနပ်ပဲ ပြန်ပြန်လာတတ်လို့ ။

ဒေါက်တာ ။ ။ ရှေးတုန်းကတော့ လူနာတွေဟာ ကုသပေးတဲ့ သမားတော်တွေကို အသက်သခင်ကျေးဇူးရှင်လို့ လေးလေး စားစား သဘောထားကြတယ်ဗျ။ အခုတော့ နည်းနည်းပြောင်းသွားပြီ၊ တစ်ချို့နေရာတွေမှာ လူနာက ဆရာဝန်ကို တရားစွဲတာ တွေ ရှိလာပြီ။

ရှေ့နေ ။ ။ အခုခေတ်မှာ ဆရာဝန်တွေလည်း ရှေ့နေတွေ၊ ဥပဒေအကြံပေးပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းထား ရတော့မယ် ထင်တယ်။ ကျွန်တော်တို့ လောကမှာတော့ အမှုသည်တွေက ရှေ့နေကို ရိုသေလေးစားသူလည်း ရှိကြပါတယ်။အမနာပ ပြောကြတာလည်းရှိပါတယ်။ ဘာတဲ့ ငိုစား၊ ရယ်စားတို့၊ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတဲ့ လူတွေတို့၊ လျှာအရိုးမရှိ ပြောတတ်တဲ့ လူတွေတို့ ပြောကြတာပါပဲ။ တချို့ဆိုရင် ရှေ့နေကို အန္တရာယ်လွယ်ထားတဲ့အချိန်မှာသာ အသုံးကျတဲ့ပစ္စည်းလို့ သဘောထား ကြတယ်။ ဥပမာ ဗိုက်နာနေတဲ့အခါမှာ အိမ်သာ ဟာအလွန်အသုံးဝင်တယ်ပေါ့။ နောင်တော့ တစ်ခါသာသုံးဖူးတဲ့ ဒီအိမ်သာကို လမ်းကြုံလို့ ဝင်ကြည့်ပါဦးမယ်ဆိုတဲ့ အမှုသည်က ခပ်ရှားရှားပဲ။ အဲ နောက်တစ်ကြိမ် ဗိုက်နာရင်တော့ သတိရချင်ရတတ်တယ် ခင်ဗျား။

ဒေါက်တာ ။ ။ ကျွန်တော်တို့လောကမှာ စပယ်ရှယ်လစ် အထူးကုဆရာဝန်ကြီးဆိုတာတွေရှိတယ်။ ဥပမာ – မျက်စိအထုူးကု၊ သားဖွားနှင့် မီးယပ်အထူးကုဆိုတာမျိုးပေါ့ ၊ ခင်ဗျားတို့ကော။

ရှေ့နေ ။ ။ ကျွန်တော်တို့ ရှေ့နေလုပ်ငန်းရဲ့ သဘောသဘာဝကိုက အထွေထွေတတ်သိနားလည်ရတဲ့ (ဂျင်နရယ်လစ်) အလုပ်မျိုးပါ။ ဒါပေမယ့် တချို့ရှေ့နေတွေကတော့ သူတို့အများဆုံး လိုက်ရတဲ့ အမှုအမျိုးအမည်တွေရဲ့ သူတို့နာမည်တွေ တွဲဖက်ခေါ်ကြတာလဲ ရှိတယ်ဗျ။

ဥပမာ – မုဒိန်း ဦးကကြီး ( မုဒိန်းမှု အလိုက်များသည် )

  • မြေ ဦးရွှေ (မြေမှု)
  • အိမ် ဦးထိန် (အိမ်မှု)
  • ဆေး ဒေါ်ဝ (မူးယစ်ဆေးမှု)
  • အမွေ ဦးဝေ (အမွေမှု)
  • မှတ်ပုံတင် ဒေါ်ကျင် (စာချုပ်မှတ်ပုံတင်) စသည်ပေ့ါ။

ဒေါက်တာ ။ ။ ကျွန်တော်တို့လုပ်ငန်းမှာတော့ ငွေတတ်နိုင်ရင် တတ်နိုင်သလို လူနာတွေဟာ အထူးကုဆရာဝန် ကြီးတွေနဲ့ အထူးကုဆေးခန်းတွေမှာ တက်ကြတယ်။ တတ်နိုင်ရင် တတ်နိုင်သလောက် ထူးထူးရှယ် ဆရာဝန်ကြီးတွေနဲ့မှ ပြကြတယ်။ ခင်ဗျားတို့လောကမှာရော။

ရှေ့နေ ။ ။ ကျွန်တော်တို့ လောကမှာ ယခင်ကာလတွေက ” ငွေများ တရားနိုင်’ဆိုတဲ့ စကားရှိခဲ့တာဗျ။ အခုပြောင်းလဲ သွားပြီ။ ‘ ငွေနည်းတရားရှုံး’တဲ့ ဟဲ ဟဲ ။ အပြုသဘောနဲ့ ဒီစကားကို အဓိပ္ပာယ်ဖွင့်ရင်တော့ ကောင်းမှာပါ။ နာမကျန်း ဖြစ်ရင်ဖြစ်ဖြစ်၊ အမှုအခင်းဖြစ်ရင်ဖြစ်ဖြစ် ငွေလိုအပ်ကြတာပါပဲ။ ငွေများများရှိရင် ကောင်းကောင်းကုနိုင်သလို၊ အမှုကိစ္စမှာလည်း ရှေ့နေကောင်းကောင်းကို ဈေးကြီးကြီးပေးပြီးငှားမယ်။ အမှုနိုင်စေတဲ့ သက်သေ၊ သက်သေခံချက်တွေ ရုံးကိုတင်ပြနိုင်မယ်။ အခြားလိုအပ်တာတွေ အကုန်အကျခံနိုင်မယ်ဆိုရင် မိမိအမှုကိစ္စနိုင်ချင်နိုင်မယ်ပေါ့ဗျာ။ ငွေနည်းလို့ မတတ်နိုင်လို့ရှိရင် ရှေ့နေပေါက်စ၊ ပေါချောင်သင့်၊ တော်ရိရော်ရိ၊ နမော်နမဲ့၊ ငမြောက် ငခြောက်၊ အူကြောင်ကြား ရှေ့နေပဲရမယ်။ ဒဏ်ငွေနဲ့ပြီးရမယ့် အမှုရှေ့နေငှားမှ ထောင်လုံးလုံးလည်း ကျသွားတတ်တာမျိုးကို ပြောတာပါဗျာ။

ဒေါက်တာ ။ ။ ကျွန်တော်တို့ ဆရာဝန်တွေကို တချို့မိသားစုတွေက မိသားစုဆရာဝန်အဖြစ် သူတို့မိသားစု တစ်ခု လုံးရဲ့ ကျန်းမာရေး၊ လူမှုရေး ကိစ္စအဝဝကို တိုင်ပင်တာတွေ ရှိတယ်ဗျ။

ရှေ့နေ ။ ။ ကျွန်တော်တို့ကိုလည်း မိသားစုရှေ့နေအဖြစ် ဥပဒေရေးရာ၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး ကိစ္စတွေ ယုံကြည်ပြီး တိုင်ပင်ကြတယ်။ ဥပမာ ငွေချေးသင့် မသင့်၊ အိမ်မြေဝယ်သင့် မသင့်၊ သမီးကို ဘယ်သူနဲ့ ပေးစားသင့် မသင့်၊ ၊ သမီးကြီးကို သူ့ယောကျ်ားနဲ့ (အသားမည်းပြီး သွားခေါနေလို့) ကွာရှင်းခွင့်ရနိုင်မနိုင် စသည်ပေ့ါဗျာ ။

ဒေါက်တာ ။ ။ ကျွန်တော်တို့ ကြိုးစားကုသော်လည်း လူနာသေသွားတဲ့အခါ လူနာရှင်တွေကို နှစ်သိမ့်ရတာ စိတ်နှလုံး မသက်မသာနဲ့ မျက်နှာအတော်ပူရတယ်ဗျာ။ သေခြင်းတရားက မတရားဘူးလို့ အပြစ်ပုံချလို့လည်းမရဘူးလေ။

ရှေ့နေ ။ ။ ကျွန်တော်တို့ အမှုသည်တွေ အမှုရှုံးတယ်ဆိုတာက ဆရာတို့ လူနာတွေလို ပွဲချင်းပြီး သေတာမျိုး မဟုတ်ဘူး။ အယူခံရုံးအဆင့်ဆင့်မှာ ပြန်နိုင်အောင် ကုစားလို့ရသေးတယ်။ ဒါပေမယ့် အမှုရှုံးရှုံးချင်းတော့ အမှုသည်ကို နှစ်သိမ့်ရတာ နည်းနည်းမျက်နှာပူတာပေါ့။ ကျွန်တော်တို့မှာကျတော့ အပြစ်ပုံချစရာ၊ လွှဲချစရာလူပုဂ္ဂိုလ်တွေ၊ အကြောင်းပြချက်တွေ အတော်များများ ရှိနေတတ်တယ်ဗျာ။(ကိုယ့်ကိုယ်ကိုက လွဲရင်ပေ့ါလေ ဟဲဟဲ)

ဒေါက်တာ ။ ။ တစ်ခါကလည်း လူနာအခြေအနေကောင်းလို့ လူနာရှင်ကို ကျွန်တော်က ‘အိုကေ’ လို့ပြောခဲ့မိတယ်။ လူနာက မမျှော်လင့်ဘဲ သေသွားတယ်။ လူနာရှင်က အလောင်းကြီးဖက်ပြီးတော့ ‘အိုကေ’ဆိုတာ သေမှာကိုပြောတာလား ဆရာကြီးရဲ့ ဆိုပြီးငိုတယ်ဗျာ။ စိတ်ဆင်းရဲရပါတယ်။

ရှေ့နေ ။ ။ ဒီလိုပါပဲ။ ကျွန်တော့်အမှုသည် တစ်ယောက်ဟာ သူ့ကို ဘိန်းဖြူ(၁၂)ကီလိုနဲ့မိတယ်။ သူက ‘အမှုအခြေအနေ ဘယ်လိုလဲ’မေးတိုင်း ကျွန်တော်သက်ပြင်းချပြီး ‘မင်းထောင်မကျနိုင်ပါဘူး’လို့ ပြန်ပြောခဲ့ရတယ်။ အမိန့်ချတော့ သူ ‘သေဒဏ်ကျသွားတယ်’။ သိနေတယ်လေ။ မူးယစ်ဆေးရောင်းဝယ်မှုက လွတ်ရင်လွတ်၊ မလွတ်ရင် သေဒဏ်ပဲ။ ဘေးကလူတွေက ရှေ့နေကြီး နိမိတ်ဖတ်တာ မှန်လိုက်တာ၊ မှန်လိုက်တာနဲ့ ။

ဒေါက်တာ ။ ။ ကျွန်တော်တို့လည်း တန်ခိုးရှင်၊ ဖန်ဆင်းရှင်မှ မဟုတ်တာပဲဗျာ။ လူနာရဲ့အခြေအနေ၊ ဆေးဝါး သင့်မှုစတဲ့ အကြောင်းတရားတွေ ကောင်းမှကုနိုင်တာပါ။ မြွေကိုက်လူနာရောက်လာတယ်။ မြွေဆိပ်ဖြေဆေးမရှိဘူး။ ကော်ဖီပူပူလေး တိုက်ပြီး တရားခွေလေး ဖွင့်ပေးထားရတယ်။ ဒဏ်ရာသက်သာအောင်ကလွဲလို့ ဘာမှမတတ်နိုင်ဘူး။

ရှေ့နေ ။ ။ ကျွန်တော်တို့အမှုသည်တွေကတော့ ထောင်ကျပြီဆရာရေ၊ သေဒဏ်တဲ့ ဆရာရေ၊ အမှုရှုံးပြီ ဆရာရေ၊ ဘဝ တော့ပျက်ပြီဆရာရေ၊ မွဲပါပြီဆရာရေ၊ ကိုယ်ကျိုးနည်းပါပြီ ဆရာရေလို့ ဝိုင်းအော်ကြတာပါပဲ။ ဒီအခါ ကျွန်တော်တို့က အယူခံဝင်ပါ။ အယူခံတက်ပါ။ အပေါ်ရုံးမှာခင်ဗျား သေချာပေါက်နိုင်မှာပါ၊ အပေါ်ရုံးကပိုပြီး မှန်မှန် ကန်ကန်ရှိပါတယ်။ (ကျုပ်ကိုလည်း ထပ်ငှားပါ)လို့ မျှော်လင့်ချက်ပေးရတယ်ဗျ။ တရားပြလို့တော့ မရနိုင်ဘူး။ သူတို့မှာ နိုင်ချင်တဲ့လောဘ၊ ဒေါသ၊ မောဟစိတ်အပြည့်နဲ့၊ အမှုရှုံးတယ် ဆိုတာကလည်း ပွဲချင်းပြီးကိစ္စပြတ် သေသွားတာမျိုး မဟုတ်သေးဘူး။ (ကျွန်တော်တို့ အတွက် တစ်သီးစား၊ နှစ်သီးစားလေး ရှိနေသေးတယ်ဟဲဟဲ)။ဒါကြောင့် ပြောကြတာ ထင်ပါရဲ့ ‘ အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက် ရှိနေသေးသည် ( ကျွန်တော်တို့ရှေ့နေများအတွက်)ဆိုလားပဲ ။

ဒေါက်တာ ။ ။ ကျွန်တော်တို့ ဆေးလောကသားတွေက ညီညွှတ်ကြတယ်ဗျ။ တစ်လောက ရန်ကုန်ရှိ အထူးကု ဆေးခန်းကြီးတစ်ခုမှာ ကျောင်းသူလေးတစ်ဦးဆုံးပါးတဲ့ကိစ္စမှာ အကျိုးသင့်အကြောင်းသင့်၊ မျှမျှတတ ဝိုင်းဝန်းရေးကြပြော ကြတယ်လေ။ ရှင်းပြတာပေါ့။

ရှေ့နေ ။ ။ ဆရာတို့က ဂျူတီကုတ် အဖြူဝတ်ထားတဲ့ ငွေဗျိုင်းဖြူတွေဖြစ်သော်လည်း ကျီးကန်းမည်းများလို ကိုယ့်သွေးတူ သားတူ တစ်စုံတစ်ခုကိစ္စဖြစ်ရင် ဝိုင်းပြီးအာကြတာတွေ့ရတယ်။ ကျွန်တော်တို့ ရှေ့နေတွေဟာ တိုက်ပုံ ဝတ်စုံအနက်တွေ ဝတ်ထားတဲ့ ကျီးကန်းမည်းတွေဖြစ်ပေမယ့် ဒီလို ဝိုင်းမအာတတ်ကြဘူး။ ဒါပေမယ့် ပြည်သူလူထုကို ထိပါးတဲ့ကိစ္စဆိုရင်တော့ အစပဲရိုးတဲ့ နောက်ပိုင်းမရိုးသားတဲ့အစိုးရကို မညှာမတာ ဝေဖန်တဲ့နေရာမှာ ညီညွှတ်ကြတယ်ဗျ။ တစ်ချို့ ရှေ့နေတွေ ရှေ့နေလိုင်စင် တွေ စတေးခဲ့ကြရတယ်လေ။

ဒေါက်တာ ။ ။ ရှေ့နေဆို ပျိုမှတဲ့။ ခင်ဗျား(၇ဝ)အရွယ်ဆိုတော့ အိုနာကျိုးကန်းရှေ့နေအိုကြီး၊ ရှေ့နေ အဟောင်း အမြင်းကြီး ဖြစ်ရောပေါ့။

ရှေ့နေ ။ ။ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဗျ။ မင်းမကြိုက်၊ စိုးမကြိုက်ပေမယ့်၊ အဆိုတော်မလေးများ ကြိုက်၊ တောသူကြီးကတော်များ ကြိုက်ပါဗျ။ ဆရာ့အရွယ်ဆိုရင်တော့ သမားဆို အိုမှဆိုတာနဲ့ ကိုက်ညီတယ်။ ဒါမှ ခေါတောကြိုက်၊ ဂေါ်ရင်ဂျီကြိုက်၊ သုဘရာဇာကြိုက်ပေါ့ဗျာ။ ဟဲ ဟဲ

ထို့နောက် ထိုဆရာဝန်နှင့်ရှေ့နေ မိတ်ဆွေရင်းခြာနှစ်ဦးတို့သည် အဆိုတော်မလှလှလေးအား ပန်းကုံးများ အားရပါးရ ချီးမြှင့်ကြ ပါတော့သတည်း။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့