လေးတန်းကျောင်းသူလေးကို အဓမ္မပြုကျင့်တဲ့အပြင် လျှာကိုပါ ကိုက်ဖြတ်ခဲ့သူ ဖမ်းဆီးအမှုဖွင့်လိုက်ပြီ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ xxx ကျေးရွာ၌ စတုတ္ထတန်းကျောင်းသူကို အဓမ္မပြုကျင့်၍ လျှာကိုက်ဖြတ်ခဲ့သည့် (၁၉)နှစ်အရွယ် ပြစ်မှုကျူးလွန်သူကို တရားစွဲတင်ရန် ဆောင်ရွက်နေကြောင်း ဘုရားကြီးနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်း ကျေးရွာအုပ်စု၊ ကံမြင့်ကျေးရွာ၌ နေထိုင်သူ တင်ထွန်းအောင်(ခ)ခေါ်တော(၁၉)နှစ်သည် ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီတွင် ကျောင်း၌ အကတိုက်နေသည့် ၎င်း၏ စတုတ္ထတန်းကျောင်းသူ ညီမကို ဆိုင်ကယ် ဖြင့် သွားကြိုစဉ် ညီဖြစ်သူနှင့်အတူ တစ်ရွာတည်းနေ မxxx(၁၀)နှစ်၊ စတုတ္ထတန်းကိုလည်း လမ်းကြုံတစ်ခါတည်း တင်ဆောင်လာခဲ့ပြီး နေအိမ်၌ ညီဖြစ်သူကို ထားခဲ့ကာ မxxx(၁၀)နှစ်ကို သံလမ်းဘေး လယ်ကွက်အတွင်း ဆက်လက်ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်လိုက်သည်။ ထို့ပြင် တင်ထွန်းအောင်(ခ)ခေါ်တော(၁၉)နှစ်က ထိုကျောင်းသူ၏ လျှာကိုကိုက်ဖြတ်လိုက်ခြင်းကြောင်း သိရသည်။

“ဖြစ်စဉ်ဖြစ်သွားတာ မှန်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီစတုတ္ထတန်း ကျောင်းသူရဲ့ အုပ်ထိန်းသူကိုယ်တိုင် တရားလိုလုပ်ပြီးတော့ အမှုဖွင့်ထားပါတယ်။ အမှုဖွင့်တာကတော့ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ကြောင်း” ဘုရားကြီးနယ်မြေရဲစခန်းမှ ပြောပြသိရသည်။

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ စစ်ဆေးမေးမြန်းရာတွင် စာဖြင့်ရေးသားပြောပြချက်အရ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ၏။

ပြစ်မှုကျူးလွန်သူ တင်ထွန်းအောင် (ခ)ခေါ်တော(၁၉)နှစ်အား မိဘများနေထိုင်ရာ ကျောက်ညှပ်၊ မွန်စု၊ သိပ်ဇရပ်မြို့တွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဘုရားကြီးနယ်မြေ ရဲစခန်းမှ (ပ)၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၇ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မျိုးသိန်း(မဇင်း)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့