ပင်လည်ဘူးမြို့နယ်တွင် မိဘများ နေအိမ်တွင်မရှိခိုက် ဂက်(စ်)မီးခြစ်ဖြင့် ဆော့ကစားသူ ကလေးငယ်တစ်ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူး မြို့နယ်ရဲစခန်းတောင်ဘက်(၃)မိုင်ခန့်အကွာ ကနဘားကျေးရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ ဝက်ကြိုင်းကွင်း လယ်တောတဲတွင် မိဘများနေအိမ်တွင်မရှိခိုက် ဂက်(စ်)မီးခြစ်ဖြင့် ဆော့ကစားသူ အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၁-၁-၂၀၂၀ ရက် နံနက် ၁၀ နာရီအချိန်ခန့်က ဒုရဲအုပ် ကိုကိုနိုင် သည် ပင်လည်ဘူးမြို့မရဲစခန်းတွင် တာဝန် မှူးတာဝန်ဆောင်ရွက်နေစဉ် ကနဘား ကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ဝက်ကြိုင်းကွင်းနေရာရှိ လယ်တောတဲအား မီးလောင်နေကြောင်း သတင်းအရ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး သက်တင်ဦးနှင့်အဖွဲ့၊ သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ လယ်တောတဲပိုင်ရှင်မှာ စိုးထွဋ်၊ ကနဘားကျေးရွာ၊ ပင်လည်ဘူးမြို့နယ်ဆိုသူဖြစ်ကြောင်း သိရှိရပြီး အဆိုပါ လယ်တောတဲပေါ်တွင် မိဘမရှိခိုက် သမီးဖြစ်သူ မမေစီဖြိုး(၃)နှစ် တစ်ဦးတည်းရှိနေစဉ် ဂက်(စ်)မီခြစ်အား ဆော့ကစားရာမှ ဝါးထရံကို မီးစွဲပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၃)ပင် နေအိမ်တစ်လုံး ခန့်မှန်းတန်ဖိုးငွေကျပ် (၉၀ဝဝဝ)ခန့်အား မီးလောင်ကျွမ်းခဲ့သည့်အပြင် မမေစီဖြိုးမှာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မမေစီဖြိုး၏ အလောင်းအား ရဲဆေးစာနှင့်အတူ ဆေးရုံသို့ ပို့အပ်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မီးကိုပေါ့ဆစွာ အသုံးပြုခဲ့သဖြင့် လူကိုသေဆုံးစေသူ စိုးထွဋ်အား အရေးယူပေးရန် ဒုရဲအုပ် ကိုကိုနိုင်မှ တိုင်တန်းခဲ့သဖြင့် ပင်လည်ဘူးမြို့ မရဲစခန်းမှ (ပ)၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဦးရဲ(ကသာ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့