Crime Logo

Crime Logo

လှိုင်သာယာ အထည်ချုပ်စက်ရုံမှ ဇစ်မျိုးစုံ ၂၁ သိန်းကျော်ဖိုး ခိုးယူသူ စက်ရုံဝန်ထမ်းနှင့် အငှားလုံခြုံရေးဝန်ထမ်းတို့ကို အမှုဖွင့်အရေးယူထား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ ဇစ်မျိုးစုံ စုစုပေါင်း ၂၁ သိန်းကျော်ဖိုး ခိုးယူခဲ့သူ စက်ရုံဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်းတို့အား စက်ရုံအုပ်ချုပ်မှု မန်နေဂျာမှ တိုင်ကြားအမှုဖွင့်ထားကြောင်း သိရသည်။

ဦးမျိုးလွင်(၄၈)နှစ်၊ (အုပ်ချုပ်မှု မန်နေဂျာ)မင်္ဂလာဒုံမြို့နယ်နေသူသည် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းတွင် ဖွင့်လှစ်ထားသော အထည်ချုပ်စက်ရုံတစ်ရုံမှ အုပ်ချုပ်မှု မန်နေဂျာတစ်ဦးအဖြစ် ဆောင်ရွက်ကာ ဇန်နဝါရီလ ၁၄ ရက် ညနေ ၄ နာရီအချိန် စက်ရုံ၌ အသုံးပြုရန်အတွက် ဇစ်မျိုးစုံထည့်ထားသည့် ပါကင်ပုံး (၁၀၇) ပုံးအား All Super ဖြစ်သူ မတင်မိုးလှိုင်မှ ရေတွက်၍ စက်ရုံ၏ စတိုခန်းတွင် သိမ်းဆည်းထားခဲ့သည်။

အဆိုပါ စတိုခန်းသော့အား စက်ရုံမှ ခန့်ထားသည့် လုံခြုံရေးဝန်ထမ်းတစ်ဦးမှ သိမ်းဆည်းထားရှိကြောင်း၊ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီအချိန် All Super အမျိုးသမီးနှင့်အဖွဲ့က ဇစ်မျိုးစုံထည့်ထားသည့် ပစ္စည်းများအား အသေးစိတ်ပြန်လည် စစ်ဆေးသောအခါ ပါကင်ပုံး (၅)ပုံးအတွင်းရှိ Style No.5071-023 တွင် အသုံးပြုမည့် Zipper များမှ ရှေ့ဇစ်(၂၄၀ဝ)ခု၊ အိတ်ကပ်ဇစ် (၅၅၀ဝ)ခု၊ ဦးထုပ်ဇစ် (၁၆၀ဝ)ခု စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၉၀ဝဝဝ)မှာ မရှိတော့ဘဲ ပျောက်ဆုံး နေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍ စက်ရုံ၏ CCTV မှတ်တမ်းအား ကြည့်ရှုခဲ့ရာ ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီအချိန် နောက်ပိုင်းတွင် စက်ရုံ၏ ဘွိုင်လာဝန်ထမ်းဖြစ်သူ မြတ်မင်းသူ (၂၇)နှစ်၊ နေမျိုးကျော်ခေါင်လမ်း၊ ရွှေပြည်သာမြို့နယ်နေသူနှင့် လုံခြုံရေးကုမ္ပဏီတစ်ခုမှ ငှားရမ်းထားသည့် လုံခြုံရေးဝန်ထမ်းဖြစ်သူ အေးရွှေ(၅၄)နှစ်၊ ရွှေစံပယ်(၂)လမ်း၊ ရွှေလင်ဗန်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူတို့မှ ၄င်းတို့နှင့်မသက်ဆိုင်သည့် အလုပ်များဖြစ်သော စက်ရုံတံခါးအား ဖွင့်ခြင်း၊ CCTV ကင်မရာအား ဖုံးအုပ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် စိစစ်ခဲ့ရာ အဆိုပါပစ္စည်းများအား စက်ရုံဝန်ထမ်း မြတ်မင်းသူနှင့် လုံခြုံရေးဝန်ထမ်း အေးရွှေတို့က ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် စက်ရုံဝန်ထမ်း မြတ်မင်းသူနှင့် လုံခြုံရေးဝန်ထမ်း အေးရွှေတို့အား အရေးယူပေရန် အုပ်ချုပ်မှုမန်နေဂျာ ဦးမျိုးလွင်မှ တရားလိုပြုလုပ်တိုင်တန်း၍ လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၅၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁/၁၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ်ဇော်ဇော်အောင်က တရားလိုသက်သေများ စစ်ဆေးခြင်း၊ CCTV မှတ်တမ်းများ သိမ်းဆည်းခြင်း၊ လုံခြုံရေးဝန်ထမ်း အေးရွှေအား ဖမ်းဆီးပြီး စက်ရုံဝန်ထမ်း မြတ်မင်းသူအား ဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လှိုင်သာယာရွှေဟင်္သာ

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့