တုတ်နဲ့လာရိုက်ပြီး ငွေကျပ် ၁၂၈ သိန်း လုယက်ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၈ ရက်ကသတင်းရသည် မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးနယ်မြေရဲစခန်းအပိုင် ယင်းကတစ် ကျေးရွာ မန်နေဂျာဦးကျော်သူ၏ ကြက်ခြံ တွင် ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီခွဲ အချိန်ခန့်က ငွေကျပ် ၁၂၈ သိန်းခန့် လု ယက်ထွက်ပြေးမှုဖြစ်သွားကြောင်း သိရသည်။

၄င်းဖြစ်စဉ်မှာ ဓနုဖြူမြို့နယ် ယင်းကတစ်ကျေးရွာ ကားလမ်းမဘေးရှိ ကြက်ခြံတွင် မန်နေဂျာဦးကျော်သူ တစ်ဦးတည်း အိပ်ပျော်နေစဉ် အမည်မသိ အမျိုးသားသုံးဦး ဝင်ရောက်လာပြီး တုတ်များဖြင့် ဝိုင်းရိုက်နှက်ကာ စားပွဲအံဆွဲအောက်တွင် ထည့်ထားသည့် ကြက်ရောင်းရငွေကျပ် ၁၂၈ သိန်းခန့်ကို လုယက်ထွက်ပြေးသွားသည့်အတွက် အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားသဖြင့် ကျုံတနီးနယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက် စစ်ဆေးခဲ့သည်။

တရားခံသုံးဦးကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ရွှေသောင်း၊ မအူပင်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်ခင်တို့ ၏ ညွှန်ကြားမှုဖြင့် ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ ကျုံတနီးနယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းဌေးစိုး ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မအူ ပင်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်လှိုင်မျိုးထက် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ငါးကန်နှင့် ကြက်ခြံတွင် အလုပ်လုပ်ဖူးသူ ညောင်တုန်းမြို့နယ် ကညင်ကောက်ကြီးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် နေထိုင်သူ ကိုရဲအား ခေါ်ယူစစ်ဆေးရာ တူတော်စပ်သူ မျိုးသန့်၊ မိုးထက်ကျော်တို့နှင့်အတူ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆက်လက်၍ ကိုရဲ၏ တူတော်စပ်သူ မိုးထက်ကျော်ကို ဖမ်းဆီးရမိရေးအတွက် ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာသို့ သွားရောက်ဖမ်းဆီးရာ နေအိမ်တွင်အသင့်တွေ့ရှိပြီး နေအိမ်မီးဖို ချောင်အောက် မြေကြီးထဲတွင် မြှုပ်နှံထားသည့် ငွေကျပ်(၁၁၉၅၀ဝဝဝ)ကို သိမ်းဆည်းလိုက်ကြ၏။

ထို့နောက် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးအုပ်စု၊ ဝမ်းတရိုးကျေးရွာ တွင် နေထိုင်သော မျိုးသန့်ကို ဖမ်းဆီးနိုင် ရေးအတွက် သွားရောက်ခဲ့ရာ ၄င်းတို့သုံးဦး ပြစ်မှုကျူးလွန်သောဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်းနှင့် လုယက်မှုကျူးလွန်သူ သုံးဦးတို့ကို အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း ဖုန်းသတင်းအရ သိရသည်။

မောင်ဖုန်း

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့