တရားစွဲဆိုခံထားရသည့် သရုပ်ဆောင် ဝေဠုကျော်အမှုတွင် တရားလို တင်သွင်းသည့် အသံဖိုင်များကိုသာ စစ်ဆေးနေဆဲဖြစ်ဟုသိရ

ဇန်နဝါရီ ၁၆ ရက်က သတင်းရသည်မှာ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင် ဝေဠုကျော်အမှုသည် တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ယခုအချိန်အထိ တရားလိုတင်သွင်းထားသည့် အသံဖိုင်များကိုသာ စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ စုံစမ်းသိရသည်။

“အမှုကတော့ တရားလို သင်းသင်း ဘက်က တင်သွင်းထားတဲ့ အသံဖိုင်တွေကို နားထောင်ပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ မပြီးသေးပါဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့နောက် ပြီးခဲ့သည့်ရုံးချိန်းတွင် အသံဖိုင်များကိုသာ နားထောင်ပြီး စာမျက်နှာအတော်များများ နားထောင်ပြီးဖြစ်ကြောင်း၊ အသံဖိုင်များကို နားထောင်စစ်ဆေးပြီးမှသာ အမှုကိုဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၄င်းအမှုသည် သရုပ်ဆောင် ဝေဠုကျော်ကို အလှမယ်သင်းသင်းက ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ထိုသို့ ဦးတိုက်လျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ရာဇသတ် ကြီးပုဒ်မ ၄၁၇ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။ ထို့နောက် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင် ဝေဠုကျော်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် အာမခံ လျှောက်ထားခဲ့ရာ တရားရုံးမှ တရားစွဲဆို ထားသည့် ပုဒ်မသည် အာမခံပေး၍ရသော ပုဒ်မဖြစ်သည့်အတွက် ကျပ်သိန်း ၅၀ ခံဝန်အတွက် အာမခံပေးမည့်သူနှစ်ဦးနှင့် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့ပတ်သတင်းသမား

မှုခင်းသတင်းဂျာနယ်

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့