သီဟတင်စိုးကို မုဒိမ်းမှုဖြင့်စွပ်စွဲထားသည့် အိမ်အကူအမျိုးသမီး ပဲခူးမြို့၌လည်း အမှုဖွင့်ထား
သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲတိုင်ကြားထားတဲ့ အိမ်အကူ အမျိုးသမီးဟာ တခြားအမျိုးသားတယောက်ကိုလည်း အလားတူအမှုနဲ့ တိုင်ကြားထားတယ်လို့ ပဲခူးမြို့ ရဲစခန်းက ပြောပါတယ်။
ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးငွေမောင်းရဲ့သမီးဖြစ်သူ ဒေါ်ခင်မာညိုဟာ ပဲခူးမြို့၊ ပန်းလှိုင် ၂၁ လမ်းမှာရှိတဲ့ ဦးမင်းမင်း၊ ဒေါ်ဝင်းမာမြင့်တို့အိမ်မှာ အိမ်အကူလုပ်နေချိန် အိမ်ရှင်ရဲ့လူယုံဖြစ်သူ အောင်နိုင်ထွန်း (၂၈)နှစ်က အဓမ္မပြုကျင့် ခဲ့တာဆိုပြီး ပဲခူး အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့်ထားတာပါ။
ဒေါ်ခင်မာညိုဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ အိမ်အကူအဖြစ် စတင် အလုပ်လုပ်ခဲ့တာလို့ ပဲခူးမြို့အမှတ်(၃) ရဲစခန်းက ဆိုပါတယ်။
အိမ်ရှင်တွေခရီးသွားနေတဲ့အချိန် မတ်လ (၁) ရက်က အိမ်ရှင်ပိုင်တဲ့ ဥသာမြို့သစ် (၈) ရပ်ကွက်မှာရှိတဲ့ သကြားဂိုဒေါင်မှာ အောင်နိုင်ထွန်းက အဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်းကြားခဲ့တာလို့ဆိုပါတယ်။
သကြားဂိုဒေါင်လို့ပြောပေမယ့် ရုံးခန်းလေးလောက်ပဲရှိပြီး အဲဒီဂိုဒေါင်မှာ အောင်နိုင်ထွန်း ကို သူဌေးလူယုံ အဖြစ်ထားရှိတာလို့ ဆိုပါတယ်။
အဲဒီအမှုနဲ့ပတ်သက်လို့ အောင်နိုင်ထွန်းကို မတ်လ (၃) ရက်နေ့က စတင်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားပေမယ့် ပြစ်ဒဏ်မချမှတ်ရသေးဘူးလို့ ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီအမှုတွေကို ဒေါ်ခင်မာညို ကိုယ်တိုင်တိုင်ကြားခဲ့ပြီး ပထမဆုံးအကြိမ် အဓမ္မပြုကျင့် ခံရတာဖြစ်ကြောင်းနဲ့ တိုင်ကြားထားတဲ့အမှုအတွက် ရုံးချိန်းတကြိမ် လာရောက်ခဲ့ပါတယ်။
ပဲခူးမြို့အမှတ် (၃) ရဲစခန်းကနေ အောင်နိုင်ထွန်းကို ပ ၁၆၆/၂၀၁၈၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ထားပြီး အဲဒီအမှုကို ပဲခူးမြို့နယ် တွဲဖက်တရားသူကြီးရုံး ၄ မှာ စစ်ဆေးနေပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ သရုပ်ဆောင် သီဟတင်စိုးကိုတိုင်ကြားရာမှာ ဒေါ်ခင်မာမြင့် အမည်နဲ့ တိုင်ကြားထားတာဖြစ်ပေမယ့် ပဲခူးမြို့မှာဖွင့်ထားတဲ့အမှုမှာတော့ ဒေါ်ခင်မာညို နာမည်နဲ့ အမှုဖွင့်ထားတာကြောင့် လူက အတူတူဖြစ်ပေမယ့် နာမည်ကွဲလွဲမှုရှိတယ်လို့ ရဲစခန်းက ပြောပါတယ်။
…
Credit By စိုးမိုးအောင်