ဥပဒေစာတိုက် – အမေးအဖြေ

ဆရာခင်ဗျား အမည်မဖော်ပြလိုတဲ့ မြို့တစ်မြို့ရဲ့ တည်းခိုခန်းတစ်ခုမှာ လူငယ်လေးဦးကို တွေ့ရှိရပါတယ်။ တာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးတဲ့အခါ တစ်ယောက်စီတစ်ယောက် စီမှာ စိတ်ကြွဆေးပြား ၁၀ ပြားစီ တွေ့ရှိရပါတယ်။ တစ်ပြားစီရဲ့အလေးချိန်ဟာ ဝ.၁ ဂရမ်ရှိလို့ တစ်ယောက်စီမှာ ၁ ဂရမ်စီမိ လိုက်ပါတယ်။ စုစုပေါင်း အပြား ၄၀ ဆိုတော့ ၄ ဂရမ်ကို ရှာဖွေဖမ်းဆီးရမိလိုက်ပါတယ်။ တာဝန်ရှိသူများက ရှာဖွေပုံစံတစ်ခုတည်းပေါ်မှာ အပြား ၄၀ (၄ ဂရမ်)မိကြောင်း ရေးသွင်းပြီး အခန်းထဲမှာရှိသူ ၄ ဦးကို လက်မှတ်ရေးထိုးစေလိုက်ပါတယ်။ ဒီလိုအမှုကိစ္စမျိုးမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူမယ်ဆိုရင် ဘယ်ပုဒ်မနှင့် အရေးယူနိုင်သလဲဆိုတာ သိချင်ပါတယ်။ ဥပဒေစာတိုက်အခန်းက ပြန်ကြားပေးပါခင်ဗျား။

လူငယ်ရှေ့နေတစ်ဦး(လမ်း ၄၀၊ ရန်ကုန်)

လူငယ်ရှေ့နေတစ်ဦးသို့

တူမောင်မေးတဲ့ကိစ္စမျိုးက စိတ်ဝင် စားစရာကောင်းပါတယ်။ အမှန်တကယ်လဲ ဖြစ်တတ်ပါတယ်။ အနီးစပ်ဆုံးပုဒ်မ ၂ ခု ကတော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)နှင့် ၁၉(က)ဖြစ်ပါတယ်။ ပုဒ်မ ၁၆(ဂ)ဆိုတာက မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း ပြုတဲ့အခါ အရေးယူတဲ့ပုဒ်မဖြစ်ပါတယ်။ အများအားဖြစ်တော့ သာမန်လက်ဝယ်ထားတဲ့အခါ အရေးယူတဲ့ပုဒ်မဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော အနည်းဆုံး (၅)နှစ်မှ အများဆုံး ၁၀ နှစ်အထိ ရှိပါတယ်။

ပုဒ်မ ၁၉(က)ဆိုတာကတော့ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ ဖြစ်ပါတယ်။ အများအားဖြစ်တော့ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားတဲ့အခါ အရေးယူတဲ့ပုဒ်မဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ဖြစ်ပါတယ်။

ပြင်ဆင်ချက်ဥပဒေပုဒ်မ ၂၅(မူရင်း ဥပဒေပုဒ်မ ၂၆)အရ စိတ်ကြွဆေးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားတယ်လို့ သတ်မှတ်ရမဲ့အနည်းဆုံး အလေးချိန်ကတော့ သုံးဂရမ်ဖြစ်ပါတယ်။ တူမောင်တင်ပြတဲ့ ပြဿနာမှာ ၄ ယောက်ပေါင်းမှာ ၄၀ ပြား(၄ ဂရမ်)မိတယ်ဆိုတော့ သာမန်အား ဖြင့် ပုဒ်မ ၁၉(က)နှင့် အရေးယူရလိမ့်မယ်လို့ တွေးစရာဖြစ်နေပါတယ်။ ဒါပေမဲ့ သတိပြုရမှာက ရှာဖွေပုံစံမှာသာ ၄ ဂရမ် အပြား ၄၀ လို့ရေးလိုက်တာ အမှန်တကယ်က တစ်ယောက်စီထံမှ ၁၀ ပြား (၁ ဂရမ်)သာမိခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်စီအတွက် အရေးယူသင့်တာက ပုဒ်မ ၁၆(ဂ)အရ အရေးယူတာက ပိုပြီးမှန်ကန်မယ်လို့ ထင်မြင်ပါတယ်။

ဒါနှင့်ပတ်သက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားစီရင်ထုံးများ (၂၀၁၈ ခုနှစ်)၊ စာ-၃၅ (သိန်းထွန်းအောင် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်)မှာ အောက်ပါအတိုင်း စီရင်ထုံးပြုထားပါတယ်။

“သက်သေခံမူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်းနှင့် စပ်လျဉ်း၍ စိစစ်ကြည်လျှင် တရားခံတစ်ဦးထံမှ ရှာဖွေတွေ့ရှိသည့် မူးယစ်ဆေးဝါးများကို စုပေါင်း၍ ရှာဖွေပုံစံ တစ်စောင်တည်းတွင် ဖော်ပြပြီး၊ တရားခံ ၃ ဦးအား လက်မှတ်ရေးထိုးအပ်ပေးစေခဲ့ ခြင်းဖြစ်သည်”

“သတင်းစာပေးတိုင်ချက်၊ ရှာဖွေပုံစံပါ သိမ်းဆည်းတွေ့ရှိသည့် အခြေအနေဖော်ပြချက်နှင့် တရားလိုသက်သေခံချက်အရ အခန်းတစ်ခုတွင် လူ ၃ ဦးရှိနေသော်လည်း တစ်ဦးစီ လက်ဝယ် ရှိ/မရှိကို ၃ ဦးစလုံး အတူတကွ လက်ဝယ်ထားသည်ဟု ကောက်ယူခြင်းထက် တစ်ဦးစီသီးခြား လက်ဝယ်ထားသည်ဟု ကောက်ယူခြင်းက မှန်ကန်မည်ဖြစ်သည်။”

“ရှာဖွေပုံစံ (သက်သေခံ-ဂ)တွင် ဆေးပြား စုစုပေါင်း ၃၇ ပြား၊ အလေးချိန် ၃ .၇ ဂရမ်၊ လက်မှတ်ရေးထိုးအပ်ပေးသူ တရားခံတစ်ဦးချင်းစီမှ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားကြောင်း ကောက်ယူ၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)အရ ပြစ်မှုထင်ရှားစီရင်ခြင်းသည် ဥပဒေနှင့် ညီညွတ်မည်ဟု မဆိုနိုင်ပေ။”

အဲဒီလို သုံးသပ်ပြီး အယူခံဝင်တဲ့ တရားခံအပေါ်မှာရော၊ မူလမှုမှာပါဝင်ခဲ့တဲ့ ပူးတွဲတရားခံများအပေါ်မှာပါ ပုဒ်မ ၁၉(က)အရ ပြစ်မှုထင်ရှားစီရင်တဲ့ တရားရုံးအဆင့်ဆင့်ရဲ့အမိန့်ကို ပယ်ဖျက်လိုက်တယ်။ ပုဒ်မ ၁၆(ဂ)အရ ပြောင်းလဲ၍ အလုပ်နှင့် ထောင်ဒဏ် (၅)နှစ်စီ ကျခံစေရန် အမိန့် ချမှတ်လိုက်တယ်။

ဒီလောက်ဆိုရင် တူမောင်သဘောပေါက်ပြီထင်ပါတယ်။

ဦးအာကာ(တရားလွှတ်တော်ရှေ့နေ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့