ရဲတွေအကြောင်း ကောင်းကောင်းသိစေချင်

ရဲတွေအကြောင်း ကောင်းကောင်းသိစေချင်

ရဲတွေအကြောင်း ကောင်းကောင်းသိစေချင်

ရဲတပ်ဖွဲ့ဆိုတာ နိုင်ငံတွေမှာ မရှိမဖြစ် အဖွဲ့ အစည်းပါ။

အခုခေတ်က ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲခေတ်ပါ။ ဟိုတုန်းကတော့ ရဲတပ်ဖွဲ့ ကလည်း အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်မှာပါတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လေတော့ ရဲကိုမကြိုက်တာ တွေ့ရင် တိုးတိုးတိတ်တိတ်၊ မကြားတကြားလောက်သာ ပြော ကြပါတယ်။ ခုတော့ ရဲသော ဘာသော မထားတော့ဘူး၊ ပြောစရာတွေ့ရင် အကုန်ပြောနေကြတဲ့ ကာလဖြစ်နေပါပြီ။

တွေ့ဆုံပွဲတွေမှာ၊ အင်တာဗျူးတွေမှာ၊ သတင်းစာရှင်းလင်းပွဲတွေမှာ၊ အခမ်း အနားတွေမှာ ပြောနေကြတာတွေ၊ အင်တာနက်ထဲမှာ၊ ဂျာနယ်တွေထဲမှာ၊ သတင်း စာတွေမှာ ရေးနေကြတာတွေ မဖတ်ချင်မှအဆုံး။ လက်ပံတောင်းတောင်မှာ သံဃာ တော်တွေကို မီးလောင်စေတဲ့ သေနတ်နဲ့ ပစ်တယ်၊ မိတ္ထီလာမှာ အကြမ်းဖက် ဖျက်ဆီးနေသူတွေကို ရပ်ကြည့်နေတယ်။ ပဲခူးတိုင်းဒေသကြီးမှာ အုပ်စုဖွဲ့လာတဲ့ အကြမ်းဖက်သမားတွေကို မတားဆီးဘူး၊ ချဲသမားတွေ သောင်းကျန်းနေတာကို နှာစေးနေတယ်၊ ငါးလောင်းပြိုင်လူသတ်မှုကြီး ခုထိမပေါ်သေးဘူး။ အနယ်နယ် အရပ်ရပ်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှုစတာတွေ ဖြစ်ပွားနေတယ်။ ဆန္ဒထုတ်ဖော် ခွင့်တောင်းခြင်းကို ခွင့်မပြုဘူး။ ဆန္ဒထုတ်ဖော်သူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူ နေတယ်။ အဲဒါတွေအားလုံး ရဲကိစ္စချည်းပါပဲ၊ ဒါတွေအားလုံး ရဲတွေ ပြည်သူကို အလေးမထားလို့၊ ရဲမကောင်းလို့၊ ရဲမတတ်လို့၊ ရဲတာဝန်မကျေလို့၊ ရဲတွေ မမှန်ကန်လို့၊ အကြံအဖန်လုပ်ကြလို့ဆိုပြီး ပြောဆို ဝေဖန်ထောက်ပြတာတွေ အများကြီး ဖတ်ရပါတယ်။ နိုင်ငံခြားက သင်တန်းတွေ ပေးဖို့တောင် ပါသေး တယ်။ ဒီလို ရေးသားဖော်ပြထားတာတွေသာမက တိုက်ရိုက်ထိတွေ့ဆက်ဆံရာမှာ လည်း ရဲတွေအပေါ် ရင့်ရင့်သီးသီး ရိုင်းရိုင်းပျပျပြောဆိုတာတွေကိုပါ မြင်ရကြားရ ပါတယ်။

တကယ်ပဲ ရဲတွေက ဒီလိုအပြောခံရလောက်အောင် ဖြစ်နေပြီလား၊ သိပ်ကို လွန်မင်း ဆိုးသွမ်းနေပြီလား၊ အထက်မှာ ပြောခဲ့သလို သံဃာတွေကို မီးလောင် ပစေ ဟေ့ မီးသေနတ်နဲ့ ပစ်ကြရအောင်လို့ ရဲတွေ တမင်ပြုလုပ်ကြတာလား၊ မိတ္ထီလာမှာလည်း ကုန်ပစေ တို့တွေ ရပ်ကြည့်ရအောင်ဆိုပြီး ကြည့်နေတယ်ထင်ပါ သလား၊ နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို မေးပါတယ်။ မိတ္ထီလာမှာ ရဲတွေ ရပ်ကြည့်နေတယ်လို့ ပြောကြတဲ့အပေါ် ဘယ်လိုထင်ပါသလဲ ဆိုတဲ့ မေးခွန်းနဲ့ ကျွန်တော့်သဘောထားကို မေးတာပါ။ ကျွန်တော်က ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင်ကမှ အငြိမ်းစားယူခဲ့သူဖြစ်လို့ မေးတယ်လို့ ထင်ပါတယ်။ ဆူပူသူ လေးငါးယောက်ကို ရဲဆယ်ယောက်လောက်က ရပ်ကြည့် နေတာလား၊ ဆူပူသူအများကို ရဲလေးငါးယောက်လောက်က ရပ်ကြည့်တာလား မသိရတဲ့အကြောင်း သူတို့တွေ ဒီအတိုင်း ရပ်ကြည့်နေ တာမဟုတ်ဘဲ အထက်ကို သတင်းပို့ တင်ပြကြမှာ ဖြစ်တဲ့အကြောင်း ကျွန်တော် ပြန်ပြောခဲ့ပါတယ်။ တိုက်ရိုက်မြင်တွေ့ရတာမဟုတ်လို့ ဒီလောက်ပဲ ဖြေလိုက်ရပါတယ်။

တရားဥပဒေစိုးမိုးရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ အမှုအခင်းကိစ္စတွေဆိုရင် ရဲက တိုက်ရိုက်ဆောင်ရွက်ကြရတာဖြစ်လို့ ရဲနဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်၊ တာဝန် ရှိတယ်လို့ သတ်မှတ်ပြောဆိုကြတာတွေကို ဘာမှ ပြောစရာမရှိပါဘူး။ ကိုယ့် အမြင်၊ ကိုယ့်အယူအဆအရ ပြောနိုင်ကြပါတယ်။ ဒီလိုပြောကြတဲ့သူတွေနဲ့ တခြား ပြည်သူတွေ ရဲအကြောင်း သိတန်သရွေ့သိနိုင်အောင် ဒီဆောင်းပါးကို ရေးမိတာပါ။

ရဲတပ်ဖွဲ့၊ တချို့နိုင်ငံတွေအခေါ် ရဲတပ်ဖွဲ့ဆိုတာ နိုင်ငံတွေမှာ မရှိမဖြစ် အဖွဲ့ အစည်းပါ။ ရဲမရှိတဲ့ နိုင်ငံဆိုတာလည်း မရှိသလောက် ရှားပါလိမ့်မယ်။ ရဲဆိုတဲ့ အမည်နဲ့ မရှိရင်တောင် ရဲတွေလုပ်ရတဲ့လုပ်ငန်းမျိုး၊ လုပ်ရတဲ့ဌာနဆိုတာ ရှိနေမှာ ပါ။ အစိုးရက ပြဋ္ဌာန်းကျင့်သုံးနေတဲ့ ဥပဒေတွေကို ပြည်သူတွေ လိုက်နာအောင်၊ မလိုက်နာရင်၊ ချိုးဖောက်ရင် ဥပဒေမှာပါတဲ့အတိုင်း အရေးယူနိုင်အောင် ရဲအဖွဲ့က ဆောင်ရွက်ရပါတယ်။ မရှိမဖြစ်တဲ့ ရဲမို့ မကောင်းတဲ့ရဲကို အလိုမရှိကြပါဘူး။ ကောင်းအောင် ထိန်းရတဲ့ရဲက မကောင်းဘူးဆိုရင် မကောင်းတဲ့သူတွေကို ဒီမကောင်းတဲ့ ရဲက ဘယ်လိုထိန်းပါ့မလဲ၊ အထက်မှာ ဖော်ပြခဲ့သလို ပြောဆိုဝေဖန် နေကြတာဟာ ရဲတွေကို ကောင်းစေချင်လို့ ပြောကြတာ၊ ကောင်းတဲ့ရဲတွေကို လိုချင်လို့ ပြောကြတာပါ။

တစ်ချိန်က ကျွန်တော်တို့ရဲတွေ အနောက်ဘက်နိုင်ငံကြီးတွေမှာ ကာလရှည် ကြာတက်ရတဲ့ သင်တန်းကြီးတွေကို အလှည့်ကျတက်ခဲ့ရဖူးပါတယ်။ စကော့ တလန်ယာဒ် သင်တန်းဆင်း ရဲအရာရှိကြီးတွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့နိုင်ငံက ဖွင့်တဲ့ TSD (Detective GSraining School)ဆိုတဲ့ စုံထောက်သင်တန်းကို အိန္ဒိယက ရဲအရာရှိတွေ လာတက်ကြရပါတယ်။ သင်တန်းကာလ တစ်နှစ်လောက်ကြာမြင့်တဲ့ သင်တန်းပါ။ မလေးရှားနိုင်ငံမှာ ဖွင့်လှစ်တဲ့ နိုင်ငံတကာ ရဲအရာရှိများသင်တန်းကို မြန်မာနိုင်ငံက ရဲအရာရှိတွေ တက်ရောက်ကြရပါတယ်။ ဒီသင်တန်းရဲ့ ကျောင်း အုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သူတို့ အထင် ကြီး အားကျခဲ့ကြောင်း ပြောဖူးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရှေ့တောင် အာရှမှာတော့ အတော်ကလေးနာမည်ရခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ တာဝန်ထမ်းဆောင်ကြတဲ့ ရဲတွေရဲ့ လုပ်ဆောင်ချက်ဆိုရင် ပြည်သူ တွေ ချီးကျူးကြတယ်လို့ မှတ်ရဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုပ်ကြံတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးဆိုရင်လည်း ရဲတွေ ကပဲ စုံစမ်းဖော်ထုတ်ပြီး ခိုင်ခိုင်မာမာ တည်ဆောက် တရားစွဲခဲ့ကြောင်းလည်း ဖတ်ရဖူးပါတယ်။ တစ်ချိန်ကတော့ ဒီလိုရှိခဲ့ဖူးပါတယ်။

ဆရာမောင်သောကရှိစဉ်က စာပေဟောပြောပွဲတွေမှာ ဟိုတုန်းက ထိုင်းနိုင်ငံ ဘက်မှာ မကျန်းမာတဲ့သူရှိရင် စောင်ပုခက်နဲ့ ထမ်းပြီး ကော့သောင်းဘက်မှာ ဆေးလာကုကြရကြောင်း ထည့်သွင်းဟောပြောလေ့ရှိပါတယ်။ ခုတော့ ထစ်ခနဲဆို ဘန်ကောက်ကိုသာ ချီတက်နေကြရတယ် ထင်ပါတယ်။ ရန်ကုန်မြို့ကို စင်ကာပူ က အတုခိုးပြီး သူတို့မြို့ကို တည်ဆောက်ခဲ့တာတို့၊ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကြီးက အရှေ့တောင်အာရှမှာ ကျော်ကြားခဲ့တာတို့၊ ဂေါက်သီးအားကစားမှာ ဦးမြအေး ထင်ပေါ်ခဲ့တာတို့၊ ဘောလုံးဆို မြန်မာက အာရှမှာ ရှေ့ကပြေးနေတာတို့၊ ကာယ ဗလမှာ ဦးဇော်ဝိတ်ကြီးက ကမ္ဘာ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတို့၊ မြန်မာ နိုင်ငံက ဆန်တင်ပို့ရောင်းချမှုမှာ ကမ္ဘာ့အဆင့်ရှေ့နားမှာ ရှိခဲ့ဖူးတာတို့၊ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးက ရွှေတွင်း၊ ငွေတွင်း ပယင်းဒုတ္ထာတွေနဲ့ အင်မတန်ြွကယ်ဝချမ်းသာခဲ့တာတို့ဆိုတာတွေက စာအုပ်ထဲမှာ၊ သီချင်းထဲမှာသာ ရှိပါတော့တယ်။ ကျွန်တော်တို့ရဲ့ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကြီး ကို စည်းရုံးတည်ထောက်ခဲ့တဲ့ လူစွမ်းကောင်းကြီးတွေဆိုရင်လည်း ရာဇဝင်ထဲက သူရဲကောင်းတွေအဖြစ် ကြည့်ရှုငေးမောစရာ ရုပ်တုကြီးတွေအဖြစ်သာ ရှိပါတော့တယ်။

ကျွန်တော်တို့ရဲတပ်ဖွဲ့လည်း ဘာသားနဲ့ထုထားတာမို့လဲ။ ရာဇဝင်ထဲမှာတောင် မရဲတရဲပဲ ရှိပါတော့တယ်။

ဒါပေမဲ့ တချို့သောရဲတွေရဲ့ ဘဝက သိပ်ကို ဆင်းရဲနုံချာကြတဲ့အကြောင်းကို သိပ်မသိကြပါဘူး။ အချို့သော ရဲအရာရှိကြီးတွေ ကိုယ်တိုင်တောင်မှ သိပါရဲ့ လားလို့ သံသယဖြစ်မိပါတယ်။ မိတ်ဆွေတစ်ယောက်က ဂျာနယ်တစ်စောင်မှာ ရဲတွေဘဝ ဆင်းရဲတဲ့အကြောင်း ရေးထားတာ ဖတ်ရဖူးပါတယ်တဲ့။ ဘယ်ဂျာနယ် ရယ်လို့ မမှတ်မိလို့ ပြန်ရှာမဖတ်နိုင်ခဲ့ပါဘူး၊ အရမ်းဖတ်ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ရဲတွေရဲ့လက်တွေ့ဘဝကို ရေးခဲ့ဖူးပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ လစာနဲ့မလုံလောက်လို့ မုန့်ပဲသွားရည်စာ၊ ဟင်းသီးဟင်းရွက်ရောင်းစားနေရတဲ့ သူတွေ၊ တတ်သမျှ လက်မှုလုပ်ငန်းလေးတွေလုပ်ပြီး အပိုဝင်ငွေရှာရသူတွေ၊ ရေ ထမ်းရောင်းစားရသူတွေ၊ အရင်းအနှီးကလည်း မရှိလို့ တခြားတပ်ဖွဲ့ဝင်တွေ အိမ်မှာ အဝတ်လျှော်၊ ထမင်းချက်၊ အစေခံပမာလုပ်ကိုင် နေရသူတွေလည်း လက်တွေ့မှာ ရှိပါတယ်။ အမိုးပေါက်၊ ထရံပြဲ၊ တစ်ဖက်ကိုလဲတော့မယ့် အိမ်တွေ နဲ့ နေရတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ ကျွန်တော် မီးရထားရဲမှာ တာဝန်ထမ်းရ စဉ်က အိမ်အမိုးဓနိကို အသစ်လဲမပေးလို့ အမျိုးသမီး စက်ချုပ်တဲ့ ပုံစံကပ်ပြားနဲ့ တက်ဖာခဲ့ရဖူးပါတယ်။ ဒီလိုနေရသူတွေ အများကြီးပါ။

တကယ်တော့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေဟာ ဝမရှိဘဲ ဝိတွေအတော်များများ လုပ်ခဲ့ရသူတွေပါ။ ကြည့်ပါ။ ရဲတွေက အသွင်သဏ္ဌာန်ကလည်း ယိုယွင်း၊ အနှစ် သာရဖြစ်တဲ့ ပြည်သူကို ကူညီရတဲ့ လုပ်ငန်းတွေလည်း အားနည်းနေတယ်လို့ လူကြီးတွေက မြင်ပါတယ်။ ဒါကြောင့် အသွင် သဏ္ဌာန်နဲ့ အနှစ်သာရကို ပြုပြင် ပြောင်းလဲရမယ်တဲ့။ မှန်ပါတယ်။ နုံချာလှတဲ့အသွင်သဏ္ဌာန်ကို ပြောင်းမှရပါမယ်။ ရဲဝတ်စုံက စုတ်ပြဲ၊ တွန့်ကြေ၊ ညစ်ပေနေပြီး ဦးထုပ်မပါ၊ ခြေဗလာနဲ့ ရိုင်ဖယ် အပျက် ပခုံးထက်ထမ်း လမ်းသလားနေတဲ့ ရဲကို ဘယ်သူက လေးစားသမှု ရှိမှာပါလဲ။

ဟောင်းနွမ်းပေါက်ပြဲဖရိုဖရဲဖြစ်နေတဲ့ ရဲစခန်းအဆောက်အုံတွေကို ဘယ်သူ က အထင်ကြီးကြမှာပါလဲ။ တွေ့ဖူးကြပါလိမ့်မယ်။ ဒါကြောင့် ပြင်ရမှာပါ။ ဒါပေမဲ့ အမိန့်သာပေးပြီး ဘတ်ဂျက်မပါတာကြောင့် ကိုယ့်ငွေနဲ့ကိုယ် ဝတ်စုံဝယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရဲစခန်းကို မွမ်းမံ၊ ဓာတ်ပုံတွေ ရိုက်ရိုက်ပြီး တင်ပြကြရပါ တယ်။ အပြင်ပန်းက ကြည့်လိုက်ရင် ရဲစခန်းတွေဟာ အလွန်တောက်ပြောင်လာပါ တယ်။ စခန်းရှေ့မှာဆို အလေးပြုခံ စစ်ရေးပြအုတ်ခုံနဲ့ အလံတိုင်နဲ့ အချို့ဆို ကြွေပြားများတောင် ခင်းထားပါသေးတယ်။ ပန်းအလှပင်နဲ့ အချို့ဆို မြက်ခင်းနဲ့ အလွန် လှပနေပါတယ်။ ဒါမျိုးတွေ့လို့ကတော့ ဒီစခန်းမှူး၊ ဒီမြို့နယ်မှူး သိပ် တော်တယ်ပေါ့။ တပည့်ရေ ဒီငွေတွေ မင်းဘယ်ကရသလဲလို့ ဘယ်သူမှ မမေးပါဘူး။

အနှစ်သာရပြင်ရမယ်ဆိုတာ စိတ်ဓာတ်ကို ပြင်ခိုင်းတာပါ။ စိတ်ဓာတ်မကောင်း လို့ လာဘ်စားတာ၊ လာဘ်စားတော့ စိတ်ဓာတ်မကောင်းရာ ရောက်တယ်။ စိတ်ဓာတ်မကောင်းတော့ ပြည်သူက မကြိုက်ဘူး။ ဒါကြောင့် လာဘ်မစားအောင် လုပ်ရမယ်။ လစာဝင်ငွေနဲ့ လုံလောက်ရင် လာဘ်မစားတော့ဘူး။ လစာနဲ့ မလုံလောက်ရင် လုံလောက်အောင် ထောက်ပံ့ပေးရမယ်။ လူကြီးလုပ်သူတွေ တာဝန်ရှိတယ်။ ဆန်ရေမရှိစေရ၊ စုန်ရေသာ ရှိရမယ်လို့ ပြောကြပါတယ်။ ဒါကြောင့် လက်အောက်တပ်ဖွဲ့ဝင်တွေကို တစ်ယောက် ဘယ်ရွေ့ဘယ်မျှ ထောက်ပံ့ကြရမယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ပြင်ပမှာ ငွေရှာပြီး ထောက် ပံ့ကြရပါတယ်။ စီးပွားရေးတွေလုပ်ပြီး ရှာရမယ်လို့ ဆိုပါတယ်။ ဒီလို စီးပွားရေးလုပ်တတ်မှတော့ အပင်ပန်းခံပြီး ရဲထဲ ဘယ်ဝင်ပါ့မလဲ၊ အပြင်မှာ စီးပွားရေးလုပ်စားတော့မှာပေါ့လို့ ပြောသူက ပြောကြပါတယ်။ အများစုကတော့ ဘယ်နာမည်ပျက်ခံပါ့မလဲ။ ထောက်ပံ့ဆိုတဲ့အတိုင်း မဖြစ်မနေ ထောက်ပံ့ကြတာ ပါပဲ။ လွယ်လွယ်ပြောရရင် မှန်ကန်သောသောနည်း၊ မမှန်ကန်သောနည်းတွေနဲ့ ရှာရပါတယ်။ မှန်ကန်တဲ့နည်းနဲ့ ရှာလို့ ဘယ်လောက်ရမှာလဲ။ ချဲအပါအဝင် ဒုစရိုက်မှုတွေ မပျောက်နိုင်သေးတာ ဒီအကြောင်းတွေကြောင့်လို့ပြောရင် လွန်မယ် မထင်ပါဘူး။ စုန်ရေဆိုပေမဲ့ မြစ်အစ မြစ်ညာက စစုန်တာမဟုတ်ဘဲ မြစ်လယ်က မှ စစုန်ရတာ ဖြစ်နေပါတယ်။ မြစ်အလယ်ပိုင်းက စစုန်ရတာဆိုတော့ အညာပိုင်း ကို ဆန်ရတာလည်း ရှိဦးမယ်ထင်ပါတယ်။

ရဲတပ်ဖွဲ့ကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲတယ်ဆိုတာ ကောင်းတဲ့ကိစ္စကြီးပါ။ ဒါပေမဲ့ ဝမရှိဘဲ ဝိလုပ်ကြရတာဆိုတော့ နာမည်မတက် ဘဲ နာမည်ပျက်တာကသာ အဖတ်တင်ခဲ့ပါတယ်။ လက်အောက် ဝန်ထမ်းငယ် တွေ၊ အလယ်အလတ်ဝန်ထမ်းတွေ ပင်ပန်းကြပါတယ်။

အောက်ခြေအဆင့် ဝန်ထမ်းအတော်များများကတော့ ၂၄ နာရီ တာဝန်ရှိတယ် ဆိုတာကြောင့် အနားမရဘဲ တာဝန်ထမ်းဆောင်နေကြရသူတွေ အများကြီးပါ။ ရှေ့မှာ အလုပ်လုပ်နေရပေမဲ့ အိမ်က မိသားစု စားစရာမရှိတာကို ပူပင်နေရသူ တွေ၊ အဘက်ဘက်က မပြည့်စုံတဲ့သူတွေ၊ ပေါင်တန်တာ ပေါင်၊ ချေးတန်တာ ချေးလုပ်နေရသူတွေ အများကြီးပါ။ တချို့ဆို တောမှာ တောနေ တောစားလေးနဲ့ အဆင်ပြေနေတာကို မြို့ပေါ်တင်ပေးမယ်ဆိုပြီး ရန်ကုန်ပို့လိုက်တာ မနေတတ်၊ မစားတတ်နဲ့ ဒုက္ခနွံတွင်းသက်ဆင်းခဲ့ရတဲ့သူတွေ အများကြီးပါ။ ရဲဆိုတိုင်း အကြံအဖန်ရတာမဟုတ်ပါဘူး။ အကြံအဖန်လုပ်ချင်ပေမဲ့လည်း လုပ်လို့ရတဲ့နေရာ ရောက်မှ လုပ်လို့ရတာပါ။ ဒါကြောင့် ရဲကို ပြောချင်ရင် ခွဲပြောမှ သင့်မယ်ထင်ပါတယ်။

နောက်တစ်ခုက ရဲတပ်ဖွဲ့ဆိုတာ တပ်မတော်လို အမိန့်နာခံပြီး အမိန့်အတိုင်း လုပ်ဆောင်ရတဲ့ အဖွဲ့အစည်းပါ။ နေရာတစ်ခုမှာ အများအကျိုး ဆောင်ရွက်သူ တစ်ဦးက ရဲအရာရှိငယ်တစ်ဦးက ဖြတ်သန်းမသွားဖို့ တားရတာ အထက်အမိန့် ကြောင့်ပါလို့ ပြောတာကို မင်းမိခင်ကိုဆိုလည်း ဒီအတိုင်း လုပ်မှာပဲလားလို့မေး တာ တွေ့ဖူးပါတယ်။ ဒီလိုမျိုးတော့ မပြောသင့်ပါဘူး။ ဒီကလေးတွေက တကယ် ပဲ ခိုင်းတာလုပ်နေရတာပါ။ မလုပ်လို့ ပြုတ်သွားရင် ဘယ်သူထမင်းကျွေးပါ့မလဲ။ အထက်က ဆရာကကော ကျွေးပါ့မလား။ ပြီးခဲ့တဲ့ ဏသူငအငချ ဂျာနယ်အမှတ်စဉ် ၁၄ မှာ ရဲတပ်ဖွဲ့ဝင်တွေ တုတ်ဒိုင်းတွေနဲ့ နေရာယူထားတဲ့ ပုံနှစ်ပုံတောင် ဖော်ပြ ထားပါတယ်။ ယခင်အမှတ်စဉ်တွေမှာလည်း တွေ့ဖူးပါတယ်။ သူတို့တွေ ခိုင်းတာ လုပ်နေတာပါ။ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ကြရသူတွေပါ။

ရဲတပ်ဖွဲ့ဝင်တွေဆိုတာကလည်း မြန်မာနိုင်ငံက တိုင်းရင်းသားတွေပါပဲ။ တိုင်း ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတာ ရှိကြပါတယ်။ သာဓကအနေနဲ့ပြောရရင် နယ်ချဲ့ လက်အောက်မှာ နေရစဉ် ၁၉၄၆ ခုနှစ်က ပုလိပ်သပိတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အထွေထွေသပိတ်ကြီးရဲ့အစလို့တောင် ပြောကြပါတယ်။ ဒီလိုသပိတ်ရှိခဲ့တဲ့ အကြောင်းကို ကျွန်တော် အလျဉ်းသင့်တိုင်း ရေးပါတယ်။ ဂုဏ်လည်း ယူမိပါ တယ်။ ၈၈ အရေးအခင်းမှာ ဆန္ဒပြလို့ အလုပ်ပြုတ်သွားကြတဲ့ရဲတွေ ရှိခဲ့ဖူးပါ တယ်။ လက်ရှိအခြေအနေကတော့ နယ်ချဲ့အစိုးရလည်း မဟုတ်၊ အာဏာသိမ်း အစိုးရလည်း မဟုတ်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးချယ်တင် မြှောက်ထားတဲ့ အစိုးရဖြစ်ပါတယ်။ ဒီအစိုးရရဲ့ အမိန့်အတိုင်း လုပ်ရသူတွေကို လက်ကိုင်တုတ်သဖွယ် မပြောသင့်ဘူးလို့ ထင်ပါတယ်။ တာဝန်အရ လုပ်ရသူ တွေရယ်လို့ စာနာစေချင်ပါတယ်။

ဒီလိုတွေ ရေးလာတော့ ရဲတွေအားလုံး အကောင်းချည်းပဲလားလို့ မေးချင်ကြပါ မယ်။ ဒီလိုမဟုတ်ပါ။ မကောင်းတဲ့ ရဲတွေ ရှိပါတယ်။ ကောင်းတဲ့ရဲ တွေလည်း အများကြီးပါ။ ပြည်သူကို တကယ်ကူညီစောင့်ရှောက်ခဲ့လို့ ဒေသခံ တွေက သိပ်ကို ဒေသခံတွေက သိပ်ကို နှစ်ခြိုက်လိုလားခံရတဲ့ ရဲအရာရှိတွေ တော်တော်များများရှိပါတယ်။ အကြံအဖန် မလုပ်ချင်ပေမဲ့ အထက်မှာ ဆိုခဲ့တဲ့ အသွင်သဏ္ဌာန်၊ အနှစ်သာရပြောင်းနိုင်အောင်၊ စုန်ရေစီးဆင်းနိုင်အောင် လုပ် ကိုင်ရင်း အကြံအဖန်လောကထဲ ရောက်သွားရတဲ့သူတွေ ရှိပါတယ်။ ရဲအရာရှိဖြစ် ရင် ချမ်းသာရမယ်၊ ရတဲ့နည်းနဲ့ ငွေရှာမယ်၊ ခွင်ဖန်မယ်၊ ရစ်မယ်၊ ညစ်မယ်၊ ညှစ်မယ်ဆိုတဲ့သူတွေလည်း မနည်းပါဘူး။ လုပ်ရတဲ့အလုပ်ကလည်း ပြည်သူကြား မှာ ပြည်သူနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အလုပ်ဆိုတော့ ညှစ်တာ၊ ညစ်တာလုပ်ရင် ပြည်သူကြားမှာ သိသာထင်ရှားနေပါတယ်။ အခြားဌာနတွေနဲ့စာရင် ရဲကို ပြည်သူက ပိုပြီး သိလွယ်၊ မြင်လွယ်၊ မုန်းတီးဖွယ် ဖြစ်ရပါတယ်။

နိဂုံးချုပ်ရရင် မကောင်းတဲ့ရဲတွေကို ဖော်ထုတ်အရေးယူစေချင်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ကလည်း တိုင်ကြားနိုင်ဖို့ Hot Line ဖုန်းနံပါတ်တွေ အသိပေးထားပါတယ်။ မမှန်တာလုပ်ရင် တိုင်ကြားစေချင်ပါတယ်။ မကောင်းတဲ့ ခြေမ၊ လက်မတွေကိုတော့ ဖြတ်ထုတ်ရမှာပါ။ ကိုယ့်အလိုမကျလို့ ပြောင်းသွားရ အောင် တိုင်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံး ကောင်းသွားဖို့တော့ လိုပါတယ်။ ဒါကို ပြုပြင်ပေးမယ် ဆိုရင်တော့ ဆန်စင်ရာ ကျည်ပွေ့လိုက် အပြစ်ဖြစ်တဲ့သူတစ်ဦးချင်းကို လိုက်အရေး ယူတဲ့နည်းနဲ့ ပြုပြင်လို့တော့ မရနိုင်ပါဘူး။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရသလဲ ဆိုတာကို အရင်ဆုံးလေ့လာပြီးမှ ပြုပြင်သင့်တာကို ပြုပြင်ရပါမယ်။ ရဲတွေ ကောင်းအောင် ရဲတွေချည်း ပြုပြင်လို့ မရနိုင်ပါဘူး။ လွှတ်တော်အဆင့်ဆင့်က သက်ဆိုင်ရာ ကော်မတီတွေ၊ ပြည်ထောင်စုအစိုးရနဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့များ က သက်ဆိုင်သူတွေက ဝိုင်းဝန်းပြုပြင်ပေးမှသာ ရနိုင်ပါမယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ကောင်းလိုချင်လို့ ပြောဆိုနေကြတဲ့သူတွေ၊ ရေးသားနေကြ တဲ့ မီဒီယာသမားတွေအနေနဲ့ ဒီလိုတစ်ခုချင်း၊ တစ်ယောက်ချင်းအပေါ် ပြောဆိုရေးသားနေကြတာထက် ပြုပြင်သင့်တာတွေ ဝိုင်းဝန်းလေ့လာ၊ ပြုပြင်ပေးဖို့ တာဝန်ရှိတဲ့သူတွေကို တိုက်တွန်းပေးမယ်၊ ကိုယ်တိုင်လည်း သင့်နိုးရာရာကို အကြံပြုပေးမယ်ဆိုရင် ရဲတွေလည်း ကောင်း၊ တိုင်းပြည်အတွက်လည်း ကောင်းလာမှာ ဖြစ်ပါကြောင်း ကောင်းစေချင်တဲ့ ဆန္ဒနဲ့ တင်ပြလိုက်ရပါတယ်။

ရဲမှူးကြီးမြင့်ဝေ (ငြိမ်း)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့